ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊Bo Win မြို့နယ်ရှိ အငှားခန်းတစ်ခုတွင် ဖဲကစားရာမှ ပိုက်ဆံရှုံးနိမ့်ခဲ့သူ ထိုင်းအမျိုးသားတစ်ဦးက ၎င်းအား မြန်မာလုပ်သားများက လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်သည်ဟုဆိုကာ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် မြန်မာလုပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တရားခံ ထိုင်းအမျိုးသား နိုင်စိုင်ယွတ် (၄၃ နှစ်) သည် ယမန်နေ့က ဖဲရှုံးထားပြီးနောက် ယနေ့မွန်းလွဲပိုင်းတွင် ဖဲပြန်ကစားရန် မြန်မာအဖွဲ့အား လာရောက်ခေါ်ယူခဲ့သည်။ သို့သော် မြန်မာလုပ်သားများက ငြင်းပယ်ပြီး လှောင်ပြောင်သကဲ့သို့ ကြည့်သည်ဟုဆိုကာ ဒေါသအလျောက် ၉ မမ လက်လုပ်သေနတ်ဖြင့် အငှားခန်းအတွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၀ အရွယ် ကိုအောင်မျိုးမင်းသည် နားထင်ကျည်မှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ အတူရှိနေသည့် မဇာဇာထွန်း (၃၉ နှစ်) သည် ရင်ဘတ်တွင် ကျည်ဆန်ဖောက်ဝင်၍ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတင်ထားရပြီး၊ ကိုမျိုး (၃၅ နှစ်) မှာမူ ညာဘက်လက်တွင် ကျည်ဆန်ရှထိသွားသဖြင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
တရားခံ ထိုင်းအမျိုးသားသည် အခင်းဖြစ်နေရာ၌ပင် သေနတ်နှင့်အတူ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပြီး၊ လက်ရှိတွင် ဘောဝင်းရဲစခန်းက ၎င်းကို ထိန်းသိမ်းကာ ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူရန် အမှုဖွင့် စစ်ဆေးနေပါတယ်။
Source; ชลบุรี ฮอต รีพอท นิวส์
