ထိုင်းနိုင်ငံ၊ စမုပရာကန် (Samut Prakan) ပြည်နယ်၊ ဘန်ပူး (Bang Pu) ရှိ ချည်မျှင် (Synthetic fiber) ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခုတွင် ဇူလိုင်လ ၆ ရက် (ယနေ့) သန်းခေါင်ယံအချိန်ကစတင်ကာ ၇ နာရီကျော်ကြာ အပြင်းအထန် မီးလောင်ကျွမ်းခဲ့ရာ ၅ ထပ်အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားပြီး အဆောက်အအုံ ဖွဲ့စည်းပုံအက်ကွဲကာ ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။
ယနေ့နံနက်အစောပိုင်း ၀၀:၃၀ နာရီတွင် ဘန်ပူးမိုင်တိုက်နယ်ရှိ “New World International Co., Ltd.” ချည်မျှင်စက်ရုံတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။မီးသည် ကုန်ထုတ်လုပ်မှုဂိုဒေါင်မှစတင်ကာ ရုံးခန်းနှင့် ချည်မျှင်သိုလှောင်ရာ ၅ ထပ်အဆောက်အအုံတစ်ခုလုံးသို့ လေပြင်းများနှင့်အတူ အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းခဲ့သည်။
အတွင်းရှိည်မျှင်များသည် မီးလောင်လွယ်သည့်အပြင်၊ အချို့အမျိုးအစားမှာ ရေနှင့်ထိပါက မာခဲသွားတတ်သဖြင့် မီးသတ်သမားများက ပစ္စည်းများကို လိုက်လံခွဲထုတ်ပြီးမှ ရေဖျန်းခဲ့ရသည်။ ထို့ပြင် အပေါ်ထပ်များမှ ကွန်ကရစ်အစိတ္တအပိုင်းအစများ ပြိုကျလာသဖြင့် အတွင်းသို့မဝင်ဘဲ အပြင်ဘက်နှင့် မီးသတ်ကားအမြင့်များပေါ်မှသာ ရေလှမ်းဖျန်းခဲ့ရသည်။ ၇ နာရီကျော် ကြာမြင့်ပြီးနောက်တွင်မှ မီးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်။
မူးအန်စမွတ်ပရာကန် ခရိုင်အုပ်ချုပ်ရေးမှူး Wattana Charoenchit ၏ ပြောကြားချက်အရ အဆိုပါစက်ရုံသည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် အစောပိုင်းကလည်း တစ်ကြိမ် မီးလောင်ဖူးကြောင်း သိရသည်။ယနေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် စက်ရုံအတွင်း လုံခြုံရေးဝန်ထမ်း ၁ ဦးသာရှိပြီး အလုပ်သမားများမရှိသဖြင့် ကံကောင်းထောက်မစွာ လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။
လတ်တလောတွင် ၅ ထပ်အဆောက်အအုံ၏ အပေါ်ထပ်ဖွဲ့စည်းပုံများ ကွေးကောက်ကာ ကွန်ကရစ်နံရံများ အပြင်းအထန် အက်ကွဲနေသဖြင့် ပြိုကျနိုင်ခြေ အလွန်များပြားနေသည်။ ထို့ကြောင့် အင်ဂျင်နီယာများက အဆောက်အအုံကြံ့ခိုင်မှုကို စစ်ဆေးပြီးမှသာ မီးသတ်သမားများကို အတွင်းထဲသို့ ဝင်ခွင့်ပြုမည်ဖြစ်သည်။
လက်ရှိတွင် မီးဘေးဒုက္ခကာကွယ်ရေးအဖွဲ့က မီးထပ်မံမကူးစက်စေရန် ရေ ဆက်လက်ဖျန်းပေးနေပြီး၊ မီးလောင်ရသည့် အကြောင်းရင်းအမှန်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သိရှိနိုင်ရန် မှုခင်းဆရာဝန်များနှင့် ကျွမ်းကျင်သူများက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source;Thairath
