ထိုင်းနိုင်ငံ၏ လူသိအများဆုံး ခေါက်ဆွဲခြောက်အမှတ်တံဆိပ်ဖြစ်သည့် “Mama” (မာမား) ကို ထုတ်လုပ်သော Thai President Foods အများပိုင်ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ပီပတ် သည် အသက် ၈၇ နှစ်အရွယ်တွင် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏မိသားစုက ဇူလိုင် ၉ ရက် (ယနေ့) တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၁၉၃၉ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် ဘန်ကောက်၌ မွေးဖွားခဲ့ပြီး၊ ၁၉၆၆ ခုနှစ်တွင် လိုင်ယွန် (Lion) သွားတိုက်ဆေးကုမ္ပဏီ၌ အရောင်းမြှင့်တင်ရေးမှူးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ နာမည်ကြီး Saha Group အောက်ရှိ ကုမ္ပဏီများစွာတွင် ရာထူးကြီးများ ရယူခဲ့ပြီး “Mama” ခေါက်ဆွဲခြောက်လုပ်ငန်းကို ထိုင်းနိုင်ငံ၏ နံပါတ်တစ်အမှတ်တံဆိပ်ဖြစ်လာအောင် ဦးဆောင်ခဲ့သူ ဖြစ်သည်။
၎င်း၏သားဖြစ်သူက “ဘာမှပူစရာမလိုတော့ဘူး အဖေ၊ သားတို့မောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်သွားပါ့မယ်၊ အေးအေးချမ်းချမ်းနားပါတော့” ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားကာ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။ နာရေးဆွမ်းကျွေးတရားနာခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းအခမ်းအနားကို ဘန်ကောက်မြို့ရှိWat Thepsirin ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
(အလားတူ သတင်းတစ်ခုအဖြစ် ဂျပန်နိုင်ငံ၏ ကုန်လီရောင်းဝယ်ရေးလောကတွင် ဩဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဆိုင်ခွဲပေါင်း ၈၅,၀၀၀ ကျော်ရှိသည့် 7-Eleven Japan ကို တည်ထောင်သူ တိုရှီဖူမိ ဆူဇူကီး (Toshifumi Suzuki) သည်လည်း အသက် ၉၃ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။)
Source;Thaiger
