ဘန်ကောက် MRT ခရမ်းရောင်လိုင်း ဥမင်လိုဏ်ခေါင်းအတွင်း ရေစိမ့်ဝင်ပြီး လမ်းကျွံမှုဖြစ်ပွား၊ အရေးပေါ် ၂၄ နာရီပတ်လုံး ပြုပြင်နေ

ဘန်ကောက်မြို့တော်စည်ပင် (BMA) သည် ဆောက်လုပ်ဆဲ MRT ခရမ်းရောင်လိုင်း (ဝမ်ဝီယန်ယိုင်ဘူတာအနီး) ဥမင်လိုဏ်ခေါင်းအတွင်း ရေစိမ့်ဝင်မှုနှင့် ပရာချာဓိပုတ်လမ်းမကြီး မြေဆီလွှာနိမ့်ကျကျွံဝင်မှုတို့ကို ဖြေရှင်းရန် အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညပိုင်းက မိုးသည်းထန်ပြီးနောက် ဥမင်လိုဏ်ခေါင်းအတွင်း ရေစိမ့်ကာ လမ်းမျက်နှာပြင်ကျွံလာသဖြင့် ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချာတ်က အလယ်မှနိမ့်ကျသွားသည့် လူကူးခါးတံတားကို ဘေးကင်းစေရန် ချက်ချင်းဖြိုဖျက်ဖယ်ရှားစေခဲ့သည်။မြေပြင်အောက်ခြေ ပိုမိုခိုင်မာလာစေရန်နှင့် ရေထပ်မံမဝင်စေရန် မြေအောက်အနက် ၃၇ မီတာအထိ တွင်းတူးပြီး ဘိလပ်မြေအခြေခံပစ္စည်းများကို ဖိအားဖြင့် ထိုးသွင်းမြှင့်တင်ပေးလျက်ရှိသည်။

Kasetsart University နှင့် ပူးပေါင်းကာ ဘေးပတ်ဝန်းကျင် အဆောက်အအုံများ ဖွဲ့စည်းပုံပျက်ယွင်းမှု ရှိ၊ မရှိကို Tiltmeters နှင့် Inclinometers အာရုံခံကိရိယာများတပ်ဆင်၍ စည်ပင်ထိန်းချုပ်ရေးဗဟိုဌာနမှ ၂၄ နာရီပတ်လုံး စောင့်ကြည့်နေသည်။

ယခုဖြစ်စဉ်ကြောင့် အနီးနားရှိ တိုက်ခန်းများမှ ပြည်သူ ၅၂ ဦးမှာ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေကြရသည်။

ပရာချာဓိပုတ်လမ်းမကြီးကို ကင်းတက်ဆင်မဟာရာဇ် ကျောက်တိုင်မှ ယာအစ်ဘန်ကတ်လမ်းဆုံအထိ ပိတ်ထားဆဲဖြစ်၍ ယာဉ်မောင်းသူများအနေဖြင့် အစ္စရာဖတ်၊ လတ်ယာ နှင့် ဆွန်ဒက်ချောင်ဖယားလမ်းများကို အစားထိုး အသုံးပြုကြရန် နှိုးဆော်ထားသည်။

Source;Bangkok Post