လတ်ဖယောင်း ဘီယာဆိုင် မီးလောင်မှုမှာ သေဆုံးသူ ၃၂ ဦးအထိ ရှိလာ- အားလုံးရဲ့ ရုပ်အလောင်းတွေကို အတည်ပြုပြီးစီး

ဘန်ကောက်မြို့ရှိ “Rong Beer Na Ladprao” ဆိုင် မီးလောင်မှုဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် လူနာနှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးသွားခဲ့သဖြင့် ယခုဖြစ်စဉ်တွင် သေဆုံးသူ စုစုပေါင်း ၃၂ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ရဲဗဟိုဆေးရုံကြီး မှုခင်းဆေးပညာဌာနမှ ဗိုလ်ချုပ် Maj Gen Wirun Supasinghsiripreecha က ဇူလိုင် ၁၅ ရက် (ဗုဒ္ဓဟူးနေ့နံနက်) တွင် အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ညပိုင်းက အခင်းဖြစ်ပွားရာနေရာတွင် ၂၇ ဦး ချက်ချင်းသေဆုံးခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၅ ဦးမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူရင်း ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၃၂ ဦးစလုံး၏ မည်သူမည်ဝါဖြစ်ကြောင်း ကို အပြည့်အဝ စိစစ်အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး၊ ယနေ့ (ဗုဒ္ဓဟူးနေ့) ညနေပိုင်းတွင် ကျန်ရှိနေသည့် ရုပ်အလောင်းအားလုံးကို မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်နိုင်မည်ဟု မျှော်လင့်ရသည်။ လွန်ခဲ့သည့် ၃ ရက်အတွင်း ရုပ်အလောင်း ၂၈ လောင်းကို မိသားစုများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

သေဆုံးသူများထဲတွင် ဂျာတုချက် (Chatuchak) နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ စစ်သီချိုတ် ဘတ်သီတပ် (Sitthichok Butthitak) လည်း ပါဝင်ခဲ့ပြီး၊ ၎င်း၏ရုပ်အလောင်းကို မိသားစုဝင်များက ကာလာဆင် (Kalasin) ပြည်နယ်ရှိ နေရပ်သို့ သင်္ဂြိုဟ်ရန် သယ်ဆောင်သွားခဲ့ကြသည်။ ၎င်းသည် ရဲတပ်ဖွဲ့သက်တမ်း ၁ နှစ်ကျော်သာ ရှိသေးပြီး လုပ်ဖော်ကိုင်ဖက်များ၏ ချစ်ခင်မှုကို ရရှိထားသူဖြစ်သည်။

နယ်မြေခံရဲတပ်ဖွဲ့၏ ထွက်ဆိုချက်အရ လတ်တလောတွင် ဆိုင်လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ သေဆုံး/ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် မျက်မြင်သက်သေများ အပါအဝင် အနည်းဆုံး လူပေါင်း ၅၁ ဦးကို ခေါ်ယူစစ်ဆေး မေးမြန်းထားပြီး ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လာမည့် ကြာသပတေးနေ့တွင် အဆောက်အအုံနှင့် လျှပ်စစ်စနစ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ မီးစတင်လောင်ရသည့် အကြောင်းရင်းကို ရှာဖွေမည်ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာ တစ်ဝိုက်ရှိ CCTV ကင်မရာမှတ်တမ်းများကို သက်သေအဖြစ် သိမ်းဆည်းထားပြီးဖြစ်ကာ၊ ဆေးရုံတွင် ကုသမှုခံယူနေသည့် ဒဏ်ရာရရှိသူများထံမှလည်း ထွက်ဆိုချက်များကို အမှုတွဲတွင် ထည့်သွင်းရန် ဆက်လက်ရယူလျက်ရှိသည်။

Source;Bangkok Post