ဗြိတိန်ခရီးသည်တွေကို ကာရာအိုကေဆိုင်က ဘတ် ၁ သိန်းခွဲနီးပါး ဖြတ်တောက်ခဲ့လို့ တိုင်ကြားခံရပြီးနောက် ဆိုင်ဘက်က ငွေအားလုံး ပြန်အမ်းလိုက်ရ

ထိုင်းနိုင်ငံ၊ ချင်းမိုင် (Chiang Mai) မြို့ရှိ ကာရာအိုကေဆိုင်တစ်ဆိုင်သည် ဗြိတိန်ကမ္ဘာလှည့်ခရီးသည် နှစ်ဦးထံမှ ဝန်ဆောင်ခအဖြစ် ထိုင်းဘတ် ၁၅၀,၀၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၄,၄၇၀ ကျော်) ဖြတ်တောက်ယူခဲ့မှုအပေါ် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုရှယ်မီဒီယာပေါ်ရှိ ပြင်းထန်သော ဝေဖန်မှုဒဏ်ကို မခံနိုင်တော့သဖြင့် ခရီးသည်များထံ ငွေကြေးအားလုံးကို အပြည့်အဝ ပြန်လည်အမ်းပေးလိုက်ရပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က ချင်းမိုင်မြို့ ဟန်းဒေါင်း (Hang Dong) ခရိုင်တွင် နေထိုင်သည့် ဗြိတိန်အမျိုးသားတစ်ဦးနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူတို့သည် နီမန်ဟမင် (Nimmanhemin) လမ်းတွင် စားသောက်ပြီးနောက် ချင်းမိုင်မြို့ဟောင်းအတွင်းရှိ ကာရာအိုကေဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ဗြိတိန်အမျိုးသားသည် ၎င်း၏ ခရက်ဒစ်ကတ် (Credit Card) ထံမှ ဘတ် ၁၂၀,၀၀၀ ကျော်နှင့် ၎င်း၏ဇနီးဖြစ်သူ၏ကတ်ထံမှ ဘတ် ၂၆,၀၀၀ ကျော် (စုစုပေါင်း ဘတ် ၁၅၀,၀၀၀ နီးပါး) ဖြတ်တောက်ခံထားရသည်ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းတွင် တိုင်ကြားခဲ့သည်။

ငွေပေးချေမှုမှတ်တမ်းများတွင် အချိန်တိုအတွင်း ငွေအကြိမ်ကြိမ် ဖြတ်တောက်ထားသည့်အပြင်၊ ဆိုင်အကောင့်သို့မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦး၏ PromptPay အကောင့်ထဲသို့ လွှဲပြောင်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ကတ်တစ်ခု၏ ကန့်သတ်ချက် (Limit) ဖြစ်သော ဘတ် ၅၀,၀၀၀ ထက်ကျော်လွန်ကာ ဖြတ်တောက်ထားပြီး၊ ခင်ပွန်းဖြစ်သူ ယူဆောင်သွားသည့် ဇနီးဖြစ်သူ၏ ခရက်ဒစ်ကတ်ကိုပါ မည်သို့အသုံးပြုသွားသည်ကို ခရီးသည်များက မေးခွန်းထုတ်ခဲ့ကြသည်။

ခရီးသည်များက ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးသည့် တုတ်တုတ် (Tuk-Tuk) သုံးဘီးမောင်းသမားသည် ဆိုင်နှင့်ပူးပေါင်းကာ လှည့်ပတ်မောင်းနှင်ပြီး ဤဆိုင်သို့ ခေါ်ဆောင်လာခြင်း ဟုတ်မဟုတ်ကိုပါ စုံစမ်းစစ်ဆေးပေးရန် ရဲတပ်ဖွဲ့အား တောင်းဆိုထားသည်။
ကာရာအိုကေဆိုင်ဘက်ကမူ ၎င်းတို့အနေဖြင့် ပုံမှန်နှုန်းထားများအတိုင်းသာ ကောက်ခံခြင်းဖြစ်ကြောင်း၊ ခရီးသည်များသည် ဆိုင်ရှိ ဧည့်ခံအမျိုးသမီး အများအပြားကို ခေါ်ယူခဲ့ပြီး တစ်ဦးလျှင် တစ်နာရီ ၇၀၀ ဘတ်နှုန်းဖြင့် ၄ နာရီမှ ၅ နာရီအထိ အသုံးပြုခဲ့သောကြောင့် ကျသင့်ငွေ မြင့်မားသွားခြင်းဖြစ်ကြောင်း ကနဦးတွင် ငြင်းဆိုခဲ့သည်။

ရဲစခန်းတွင် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း သဘောတူညီချက်မရရှိသေးမီ အဆိုပါဖြစ်စဉ်သည် အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဆိုင်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့သောကြောင့် ဆိုင်ဘက်က ၎င်းတို့၏ စီးပွားရေးပုံရိပ်အတွက် ဗြိတိန်ခရီးသည်များကို ငွေအပြည့်အဝ ပြန်လည်ပေးလျော်ခဲ့ သည်။

ငွေကြေးကိစ္စ ပြေလည်သွားသော်လည်း ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များအပေါ် ဈေးနှုန်းအလွန်အကျွံကောက်ခံခြင်းနှင့် တရားမဝင် လည်ပတ်ခြင်းများသည် ချင်းမိုင်မြို့၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေသဖြင့် အဆိုပါကာရာအိုကေဆိုင်တွင် တရားဝင်လုပ်ငန်းလိုင်စင် ရှိ၊ မရှိကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိသည်။

Source;Khaosod