ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်၊ ဘန်ဆာထောင်ခရိုင်ရှိ ကွန်ဒိုတစ်ခုတွင် အမျိုးသမီးတစ်ဦး ချော်လဲပြီး အခန်းတွင်း သတိလစ်နေကြောင်း ဆွေမျိုးများ၏ တိုင်ကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့များက တံခါးကို အပတ်တကုတ် ဖျက်ဆီးဝင်ရောက်ခဲ့ကြသော်လည်း၊ အမှန်တကယ်တွင် အဆိုပါအမျိုးသမီးမှာ ဘီယာမူးပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်နေခြင်းသာဖြစ်ကြောင်း သိရပါတယ်။
အခန်းတွင်းရှိ အမျိုးသမီးမှာ ချော်လဲကျသွားပြီး မိနစ် ၃၀ ကျော်အထိ ဖုန်းခေါ်ဆို၍ မရတော့ကြောင်း ဆွေမျိုးတစ်ဦးက တိုင်ကြားခဲ့သဖြင့် Poh Teck Tung ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးသမားများ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ခေါက်သော်လည်း မရသဖြင့် ကွန်ဒိုမန်နေဂျာထံ ခွင့်ပြုချက်ယူကာ မိနစ် ၃၀ ခန့် ကြိုးစား၍ တံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ကြသည်။
ကယ်ဆယ်ရေးသမားများ အခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် အသက် ၃၀ အရွယ် Suayဆိုသူ အမျိုးသမီးသည် ဖျာပေါ်တွင် အေးအေးလူလူ အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့ရပြီး၊ နှိုးလိုက်သည့်အခါ နိုးလာပြီး ၎င်း၏အခန်းရှေ့တွင် လူအမြောက်အမြား ဝိုင်းအုံကြည့်နေသဖြင့် အလန့်တကြား ဖြစ်သွားခဲ့သည်။
ကွန်ဒိုမန်နေဂျာ၏ ပြောပြချက်အရ အဆိုပါအမျိုးသမီးသည် ဆွံ့အနားမကြားသူ (Mute and Deaf) တစ်ဦးဖြစ်ပြီး နိုင်ငံခြားသားခင်ပွန်းသည်နှင့်အတူ ဤအခန်းတွင် နေထိုင်နေခြင်းဖြစ်သည်။
ညနေပိုင်းက ဘီယာ ၃ ပုလင်း သောက်သုံးခဲ့ပြီးနောက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ကာ၊ နိုင်ငံခြားသား ခင်ပွန်းသည်က ဖုန်းခေါ်ဆိုသော်လည်း ဇနီးဖြစ်သူက နားမကြားသဖြင့် ဖုန်းမကိုင်နိုင်ဘဲ ရှိနေခြင်းကို အခန်းထဲတွင် တစ်ခုခုဖြစ်ပြီဟု ထင်မှတ်ကာ ဆွေမျိုးများထံ အကြောင်းကြား၍ ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးငယ်သည် နိုးနိုးချင်းတွင် ၎င်း၏ ခင်ပွန်းသည်ထံသို့ Video Call ချက်ချင်းခေါ်ဆိုကာ မိမိအနေဖြင့် ကောင်းမွန်စွာ အိပ်ပျော်နေခြင်းသာဖြစ်ကြောင်းနှင့် အခန်းရှေ့တွင် ကယ်ဆယ်ရေးအဖွဲ့များကို တွေ့ရသဖြင့် အလွန်လန့်သွားကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြန်လည်ရှင်းပြခဲ့သည်။
Source;Thairath
