၃ လကြာ မီးပြတ်ပြီး အမှောင်ထဲတွင် တစ်ဦးတည်းနေသည့် အဘွားအိုအား ထိုင်းရဲအရာရှိ ကူညီပေးခဲ့

ထိုင်းနိုင်ငံ၊ အယုဒ္ဓယ (Ayutthaya) ခရိုင်၊ နခွန်လွမ် (Nakhon Luang) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးသည် ညဉ့်မှောင်ထုအတွင်း စက်ဘီးတွန်းလာသည့် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား တွေ့ရှိခဲ့အပြီးတွင် အဆိုပါ အဘွားအိုမှာ နေအိမ်၌ လျှပ်စစ်မီးမရှိဘဲ ၃ လကြာ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် နေထိုင်နေရကြောင်း သိရှိခဲ့ရသဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည့် ရုပ်သံမှတ်တမ်း ပျံ့နှံ့လာခဲ့ပါတယ်။

လူမှုကွန်ရက်တွင် “Officer Not” အမည်ဖြင့် လူသိများသည့် ရဲအရာရှိ Itsara Sinphunphon သည် စက်တင်ဘာ ၉ ရက် မနေ့က ညပိုင်းလမ်းကင်းလှည့်စဉ် မှောင်မဲနေသော လမ်းပေါ်တွင် စက်ဘီးတွန်းလာသည့် အဘွားအိုအား တွေ့ရှိခဲ့သည်။ အဆိုပါ အဘွားအိုမှာ လမ်းမှောင်လွန်း၍ စက်ဘီးမစီးဘဲ တွန်းသွားနေခြင်းဖြစ်သဖြင့် ရဲအရာရှိက ၎င်း၏ ယာဉ်မီးဖြင့် လမ်းအလင်းရောင် ပြသပေးကာ အိမ်အထိ လိုက်ပို့ပေးခဲ့သည်။

လမ်းခရီးစဉ်အတွင်း အဘွားအို၏Transformer ပေါက်ကွဲပြီးနောက် မီးပြတ်တောက်နေသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သတင်းပို့ထားသော်လည်း မရသေးကြောင်း သိရှိခဲ့ရသည်။ ထို့ပြင် လွန်ခဲ့သည့် နှစ် ၃၀ က သားဖြစ်သူ သေကြောင်းကြံစည်မှုဖြင့် ကွယ်လွန်ခဲ့ပြီး မြေးဖြစ်သူကိုပါ ပြုစုပျိုးထောင်ခဲ့ရသည့် ဘဝဇာတ်ကြောင်းကို ပါ ပြောပြခဲ့သည်။

အဘွားအိုတွင် လက်ရှိ အိမ်၌ ဓါတ်မီးပင် မရှိဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါး သွားလာနေရသည်ကို သိရှိရသည့်အခါ ရဲအရာရှိ အစ်ဆာရာ မှာ စိတ်ထိခိုက်ခဲ့ရပြီး မိမိ၏ ကွယ်လွန်သူ ဘွားဘွားအား သတိရသွားခဲ့သည်။ ရဲအရာရှိက မိမိထံပါလာသည့် ငွေကြေးများကို အဘွားအိုထံ ကူညီပေးခဲ့သည်။

အဘွားအို၏ ရေခဲသေတ္တာအတွင်းရှိ အသားများ ပုပ်သိုးသွားမည်ကို စိုးရိမ်နေမှုအပေါ် မစိုးရိမ်ရန်နှင့် အသားများ ပုပ်သွားပါက မိမိက ပြန်လည်ဝယ်ယူပေးမည်ဟု နှစ်သိမ့်ခဲ့သည်။ အပြင် လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံ/ဌာနများသို့ မိမိကိုယ်တိုင် ဆက်သွယ် အကြောင်းကြားပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း မကြာခဏ လာရောက်ကြည့်ရှုမည်ဟု ကတိပြုခဲ့သည်။

အဆိုပါ ရဲအရာရှိ၏ ဂရုဏာစိတ်ဖြင့် ကူညီပေးခဲ့သည့် ရုပ်သံမှာ ထိုင်းလူမှုကွန်ရက်ပေါ်တွင် ပြည်သူများ၏ ချီးကျူးဂုဏ်ပြုမှုကို များစွာ ရရှိနေပါသည်။

Source;Thaiger