တရုတ်နိုင်ငံ မြောက်ပိုင်းတွင် သီတင်းပတ်အတွင်း ရုတ်တရက် ရာသီဥတု ဆိုးရွားမှုကြောင့် အနည်းဆုံး လူ (၆၀) သေဆုံးမှုရှိ (၉) ဦး ပျောက်ဆုံး

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံမြောက်ပိုင်းတွင် ရုတ်တရက် ရာသီဥတု အခြေနေဆိုးရွားမှုကြောင့် အနည်းဆုံး လူ(၆၀) သေဆုံးခဲ့ပြီး (၉) ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော်ပေကျင်းက မီယွန်ခရိုင်တွင်လည်း ရေကြီးမှုကြောင့် သေဆုံးသူ (၄၄)ဦး ရှိခဲ့ပြီး သေဆုံးသူများထဲမှ (၃၁) ဦးကတော့ သက်ကြီးစောင့်ရှောက်ရေးက ဂေဟာတစ်ခုဖြစ်တယ် လို့သိရှိရပါတယ်။ ဒီဖြစ်စဉ်ဟာ မကြာသေးခင်နှစ်အတွင်း ပေကျင်းတွင် ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုထဲကအဆိုးဆုံးဖြစ်ခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုဟာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီး တနင်္လာနေ့မှာတော့ ပေကျင်းအနီးပတ်ဝန်းကျင် ပြည်နယ်တွေမှာ အဆိုးရွားဆုံးအခြေနေကို ရောက်ရှိခဲ့ပါတယ်။ မီယွန်မှာ မိုးရေချိန် (၅၇၃.၅) မီလီမီတာ (၂၂.၆ လက်မ) အထိ ရွာသွန်းခဲ့တာကြောင့် ဒီလိုမိုးရွာသွန်းမှုကို  ဒေသခံ မီဒီယာတွေက “အလွန်အမင်း ဖျက်ဆီးနိုင်သော” ပမာဏလို့ ဖော်ပြခဲ့ကြပါတယ်။ ပေကျင်းရဲ့ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်ကတော့ (၆၀၀) မီလီမီတာ ဝန်းကျင်ပဲ ရှိပါတယ်။ အနီးအနား ဟဲပေပြည်နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ချန်ဒဲမြို့မှာဆိုရင်လည်း (၈) ဦး သေဆုံးခဲ့ပြီး (၁၈) ဦး ပျောက်ဆုံးနေတယ်သိရပါတယ်။ ဒီသေဆုံးမှုတွေဟာ ချန်ဒဲရဲ့ ရှင်းလုံးဒေသက ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကျေးရွာတွေဟာ ပေကျင်းရဲ့ မီယွန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဒီဒေသဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မီယွန် ရေလှောင်ကန်နဲ့ ၂၅ ကီလိုမီတာ (၁၆ မိုင်) လောက်သာ ကွာဝေးပါတယ်။ ရေလှောင်ကန်ဟာ မိုးရွာသွန်းမှုကြောင့် စံချိန်တင် ရေမျက်နှာပြင်နဲ့ စွမ်းရည်ကို ရောက်ရှိခဲ့ပြီး တနင်္ဂနွေနေ့ကဆိုရင်တော့ တစ်စက္ကန့်ကို ရေကုဗမီတာ ၆,၅၅၀ (အိုလံပစ် ရေကူးကန် ၂.၅ ခုစာလောက်) အထိ ရေတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မီယွန် ရေလှောင်ကန် မြောက်ဘက် ဟဲပေပြည်နယ်က နောက်ထပ် ကျေးရွာတစ်ရွာမှာလည်း တနင်္လာနေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ ၈ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေပါတယ်။ မိုးလေဝသ ပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောတဲ့ ဒီလို မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ပြင်းထန်တဲ့ ရေကြီးမှုတွေဟာ တရုတ်မူဝါဒ ချမှတ်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပြီး အာဏာပိုင်တွေက စက်ရုံထုတ်လုပ်မှု လျော့ကျခြင်းကိုတောင် ဒီလိုဖြစ်ရပ်တွေကြောင့် ဖြစ်တယ်လို့ တစ်စိတ်တစ်ပိုင်း သတ်မှတ်နေရပါတယ်။

Source: The Nation Thailand