နရာသီဝပ် တိုက်ခိုက်မှု ၂ ခုတွင် ပါဝင်သူ သံသယရှိသူ ၃ ဦးအား ဖမ်းဝရမ်းထုတ်

ဇူလိုင် ၂၆ (၂၀၂၆) – ထိုင်းတောင်ပိုင်း နရာသီဝပ်ပြည်နယ်၌ စစ်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုနှင့် ရဲစခန်းအဟောင်းရှေ့ ကားဗုံးခွဲမှုဖြစ်စဉ်တို့အပေါ် စုံစမ်းစစ်ဆေးမှုများ အဟုန်မြှင့် ပြုလုပ်အပြီး သံသယရှိသူ ၃ ဦးအား ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း စစ်ဆင်ရေးဌာနချုပ် (ISOC Region 4) က ယမန်နေ့ (ဇူလိုင် ၂၅ ရက်) တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
Ban Talat Tanyong Mas ရှိ Bukit Sami စစ်ဆေးရေးဂိတ်ကို သေနတ်၊ ပိုက်ဗုံးများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မ ၄၅ မှ သစ်တောစောင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွက် သံသယရှိသူ အာဇီဇန် (Azizan) အား ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။ ၎င်းသည် စူငိုင်ကိုးလော့မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု၊ ဗုံးခွဲမှုတို့ဖြင့်လည်း ဝရမ်းထုတ်ခံထားရသူဖြစ်သည်။
တန်ယုန်း ရဲစခန်းအဟောင်းရှေ့ ကားဗုံးခွဲမှု ဖြစ်စဉ်အတွက် အခြား သံသယရှိသူ ၂ ဦး အား တရားရုံးက ထပ်မံ ဖမ်းဝရမ်း ထုတ်ပေးခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်များနှင့် ပတ်သက်၍ သံသယရှိသူ အရပ်သား ၃ ဦး (မဟာမ၊ အလီယာနှင့် ဟာဖီဇီ) တို့ကို လုံခြုံရေး စစ်ဆေးမေးမြန်းရေး စခန်းများသို့ ခေါ်ယူ စစ်ဆေးလျက်ရှိသည်။
စစ်ဆင်ရေးများကို တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုများအတိုင်း ဆောင်ရွက်နေပြီး ကျူးလွန်သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

Source;The Nation