ဖူးခက်၊ ဇူလိုင် ၂၆ (၂၀၂၆) – ဖူးခက်ပြည်နယ်၊ ပတောင်း (Patong) ရှိ ဂျူးဘာသာရေးနှင့် ယဉ်ကျေးမှုဗဟိုဌာန Chabad House ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦးက “ဒါ အစ္စရေးပိုင်နက်ဆိုတာ မသိဘူးလား” ဟု မေးခွန်းထုတ်စိန်ခေါ်ခဲ့ပြီးနောက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ဖူးခက်တစ်ခွင်ရှိ သံသယဖြစ်ဖွယ် စီးပွားရေးလုပ်ငန်းပေါင်း ၃၆၁ ခုကျော်ကို ပစ်မှတ်ထား၍ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။
ဒုတိယ ပြည်ထဲရေးဝန်ကြီး Polpee Suwanchawee က “ဒါ ထိုင်းနိုင်ငံဖြစ်သည်။ ထိုင်းမြေပေါ်မှာရှိတဲ့ မည်သူမဆို ထိုင်းဥပဒေကို လိုက်နာရမည်။ မည်သူမျှ ထိုင်းပိုင်နက်အပေါ် အချုပ်အခြာအာဏာ ပိုင်စိုးခွင့်မရှိပါ” ဟု ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပြီး ဘာသာရေးနှင့် လူမျိုးခွဲခြားခြင်းမဟုတ်ဘဲ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါနေရာသည် အစ္စရေးနိုင်ငံသားအချို့အတွက် စီးပွားရေးကွန်ရက်သဖွယ် ဖြစ်နေပြီး ထိုင်းနိုင်ငံသားများကို နာမည်ခံ (Nominee) သုံးကာ တရားမဝင် စီးပွားရေးများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖူးခက်တစ်ခုလုံးရှိ ဟိုတယ်၊ အဆင့်မြင့် ဗီလာ၊ စားသောက်ဆိုင်နှင့် ခရီးသွားအေဂျင်စီ ၃၆၁ ခုကျော်ကို တိုးမြှင့်စစ်ဆေးနေသည်။
ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးထားသော်လည်း ယင်းကို အကြောင်းပြ၍ တရားမဝင် စီးပွားရေးလုပ်ဆောင်ခွင့် မရှိကြောင်း အာဏာပိုင်များက သတိပေးထားသည်။
Source;The Nation
