ဘန်ကောက်၊ ဇူလိုင် ၂၆ (၂၀၂၆) ဘန်ကောက်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် တက္ကစီနှင့် အခြားမော်တော်ယာဉ်များ ပိတ်ရပ်ထားလေ့ရှိသည့် စည်းကမ်းမဲ့ပြဿနာကို စိတ်ကုန်လာသဖြင့် Thai Smile Bus လိုင်းအမှတ် ၁၀၄ မှ ဘတ်စ်ကားမောင်းသူ အမျိုးသမီးတစ်ဦးက လက်ကိုင်အသံချဲ့စက် (Megaphone) ဖြင့် အော်ဟစ်မောင်းထုတ်ခဲ့သည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ပွဲဆူ သဘောကျသွားခဲ့ကြပါတယ်။
“Gigi” ဟုလူသိများသည့် လိုင်း ၁၀၄ ဘတ်စ်ကားမောင်းသူ အမျိုးသမီးသည် စင်ထရယ်လတ်ဖရော (Central Ladprao) အနီးရှိ မှတ်တိုင်တွင် ပိတ်ရပ်ထားသည့် တက္ကစီတစ်စီးကို ကားပေါ်မှနေ၍ အသံချဲ့စက်ဖြင့် မောင်းထုတ်ခဲ့ပြီး ယင်းရုပ်သံကို “နောက်တစ်ခါ ကားအောက်အထိ ဆင်းခဲ့မယ်၊ အသံချဲ့စက် ပါလာပြီနော်” ဟု စာရေးကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ခြင်းဖြစ်သည်။
ယခင်က မှတ်တိုင်တွင် ပိတ်ရပ်ထားသော တက္ကစီကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားဖူးပြီး ရဲစခန်းအထိ သွားရောက်ဖြေရှင်းခဲ့ရဖူးသည်။ ထို့အပြင် ကားပေါ်မှဆင်း၍ သွားရောက်ပြောဆိုပါက နောက်ကွယ်ရှိ ယာဉ်ကြောကို ပိုမိုပိတ်ဆို့စေသဖြင့် ကားပေါ်မှနေ၍ အသံချဲ့စက်ဖြင့် ပြောဆိုခြင်းက အထိရောက်ဆုံးနှင့် အဆင်အပြေဆုံး နည်းလမ်းဖြစ်၍ သုံးစွဲရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မှတ်တိုင်များတွင် အခြားကားများ ပိတ်ရပ်ထားပါက ဘတ်စ်ကားများမှာ လမ်းလယ်ခေါင်၌ ရပ်ပေးရသဖြင့် ခရီးသည်များ အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်ကြီးမားလှသည်။
၎င်းအနေဖြင့် အချင်းချင်း လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်၍ စာနာပေးသော်လည်း မှတ်တိုင်များတွင် လူအတင်အဒေါင်း ပြုလုပ်ပြီးပါက ချက်ချင်း ထွက်ခွာပေးကြရန်၊ ဘတ်စ်ကားလာမှ ဖယ်ပေးသည့် အကျင့်ဆိုးများကို ပြင်ကြရန်နှင့် အခြေအနေ မတိုးတက်ပါက ယခုကဲ့သို့ အသံချဲ့စက်ဖြင့် ဆက်လက် ဆော်ဩသွားမည်ဖြစ်ကြောင်း Gigi က ပြောကြားခဲ့သည်။
Source;Khaosod
