ထိုင်းနိုင်ငံ Jed Yod တောင်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးခရီးသွား၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ 

ထိုင်းနိုင်ငံ Trang နှင့် Phatthalung ပြည်နယ်အစပ်ရှိ Jed Yod တောင်တောနက်အတွင်း ပျောက်ဆုံးနေခဲ့သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသမီးခရီးသွား Ms. Wantanee Lekwanwises အား ၄ ရက်မြောက် ရှာဖွေရေးအပြီးတွင် သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိ ခဲ့ရပါတယ်။

Nonthaburi မြို့မှ လာရောက်သည့် မအေးသည် တောင်တက်ခရီးစဉ်အပြီး တောင်ပေါ်မှ တစ်ဦးတည်း အရင်ပြန်ဆင်းလာရာမှ လမ်းပျောက်ကာ အဖွဲ့နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ သစ်တောအရာရှိများ၊ ဒေသခံအုပ်ချုပ်ရေးမှူးများနှင့် တောကျွမ်းကျင်သည့် ရွာသားများအပါအဝင် အင်အား ၁၀၀ ကျော်ဖြင့် မိုးသည်းထန်စွာရွာသွန်းနေသည့် တောင်ကြမ်းကြီးထဲတွင် နေ့ညမပြတ် ရှာဖွေခဲ့ကြသည်။

တောနက်ထဲတွင် လတ်ဆတ်သော ဓာတ်ဆားရည်ပုလင်းခွံ၊ တစ်ရှူးအစိုများနှင့် မစင်ပုံတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးသားတောင်တက်သမားများ တစ်ရှူးအစို သုံးလေ့မရှိခြင်းကြောင့် ၎င်းပစ္စည်းများသည် ပျောက်ဆုံးနေသူ အမျိုးသမီး၏ သဲလွန်စများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။သဲလွန်စတွေ့သည့်နေရာမှ ၁ ကီလိုမီတာခန့်အကွာ “Nan Yan Sai” ရေတံခွန်အနီး ရေကန်ထဲတွင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရက်ဆက်မိုးရွာထားသဖြင့် ချော်ကာ အမြင့်မှ ရေကန်ထဲသို့ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆရသည်။ ရုပ်အလောင်းမှာ ပုပ်ပွဖောင်းပွစပြုနေပြီး သေဆုံးသည်မှာ အနည်းဆုံး ၂၄ နာရီခန့် ရှိပြီဟု ခန့်မှန်းရသည်။အလောင်းတွေ့ရှိသည့်နေရာမှာ အလွန်မြင့်မားမတ်စောက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် လျှပ်တစ်ပြက်ရေကြီးမှု (Flash Flood) မမျှောပါသွားစေရန် ကယ်ဆယ်ရေးအဖွဲ့များက စောင့်ကြပ်ကြည့်ရှုခဲ့ရသည်။

ရုပ်အလောင်းကို တောင်အောက်သို့ သယ်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့၊ ဆရာဝန်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက ၆ နာရီခန့် ကြာမြင့်မည့် လမ်းကြောင်းအတိုင်း တောနက်ထဲသို့ ဝင်ရောက် ညှိနှိုင်းဆောင်ရွက်နေကြပြီး ရေပြင်ပိုင်ခရိုင်ဆေးရုံတွင် ခွဲစိတ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Source;Thairath