ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ အခကြေးငွေဖြင့် ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် (Freelance Courier) ထိုင်းအမျိုးသမီးတစ်ဦးသည် ဂျပန်နိုင်ငံ၊ ဖူကူအိုကာ လေဆိပ်သို့ အရောက်တွင် ကော်ဖီထုပ်များအတွင်း ဝှက်ယူလာသည့် စိတ်ကြွမူးယစ်ဆေးဝါးများ တွေ့ရှိရသဖြင့် ဂျပန်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပါတယ်။
လွန်ခဲ့သည့် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် မဂျုတာတစ် (Jutatip)၊ ၎င်း၏ ချစ်သူ မောင်ဆာရာဝတ်နှင့် သူငယ်ချင်းဖြစ်သူတို့သည် ဂျပန်ရောက် ထိုင်းနိုင်ငံသားများအတွက် ပစ္စည်းသယ်ယူပေးသည့် လုပ်ငန်းဖြင့် ဖူကူအိုကာ လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၂ ရက်တွင် ဂျပန်ရှိ ထိုင်းသံရုံးက ပေးပို့သည့် စာအရ မဂျုတာတစ် သယ်ဆောင်လာသည့် ၁၂ ကီလိုဂရမ်ခွဲရှိ ကတ်ထူသေတ္တာအတွင်းမှ ကော်ဖီထုပ်များအထဲတွင် ဝှက်ယူလာသော စိတ်ကြွဆေးပြားများ (Methamphetamine) ကို ဂျပန်ကောက်ခံရေးနှင့် လေဆိပ်အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မဂျုတာတစ် ဖွင့်လှစ်ထားသည့် Line Group မှတစ်ဆင့် ‘Ing Ing’ အမည်ရှိ အကောင့်တစ်ခုက ၁၂ ကီလိုဂရမ်ရှိ ပါဆယ်ထုပ်ကို သယ်ဆောင်ပေးရန် ဘတ် ၃,၆၀၀ ပေး၍ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငွေကြေးကို ‘HO THI MAI’ အမည်ရှိ ဘဏ်အကောင့်မှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယင်းအကောင့်မှာ အဆက်အသွယ် ပိတ်သွားခဲ့သည်။
ဂျပန်သို့ ပါဆယ် ၉ ထုပ် သယ်ဆောင်ခဲ့ရာ အခြားပစ္စည်းများအားလုံး ပိုင်ရှင်များ လာရောက်ထုတ်ယူခဲ့သော်လည်း အဆိုပါ ပါဆယ်တစ်ထုပ်သာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ မဂျုတာတစ်၏ မိသားစုသည် ပစ္စည်းလာရောက်ပို့ဆောင်သူ၏ ရုပ်သံမှတ်တမ်း (CCTV) အပါအဝင် အချက်အလက်များကို ဘန်ဘူအာသောင်း (Bang Bua Thong) ရဲစခန်းသို့ သွားရောက်တိုင်ကြားကာ သက်သေအဖြစ် လွှဲပြောင်းပေးအပ်ထားသည်။
မဂျုတာတစ်၏ မိသားစုက အဆိုပါဖြစ်စဉ်မှာ အသုံးချခံရခြင်းဖြစ်သည်ဟု ယုံကြည်နေပြီး ထိုင်းအာဏာပိုင်များအနေဖြင့် သက်ဆိုင်ရာ ဂျပန်ဥပဒေကြောင်းအရ အကူအညီများ တက်ကြွစွာ ကူညီပေးပါရန် တောင်းဆိုထားကြသည်။
Source;ThaiPBSWorld
