ဖူးခက်၊ ဇူလိုင် ၂၆ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ထလန်းမြို့နယ် (Thalang) ရှိ တုန်ဆိုင်း (Ton Sai) ရေတံခွန်သွား လမ်းမပေါ်တွင် အရက်သေစာ သောက်စား မူးယစ်နေသည့် မြန်မာယာဉ်မောင်းတစ်ဦးက ဆိုင်ကယ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂၆ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ဇူလိုင် ၂၅ ရက် (စနေနေ့) ည ၇:၃၀ နာရီခန့်တွင် အသက် ၄၂ နှစ်အရွယ် အောင်မင်းဦး မောင်းနှင်လာသည့် အမည်းရောင် Suzuki ပစ်ကပ်ကားသည် ရေတံခွန်ဘက်မှ ပြန်ထွက်လာစဉ် မျက်နှာချင်းဆိုင်မောင်းနှင်လာသော အသက် ၂၄ နှစ်အရွယ် သနဝိဇ် (Thanawit) ၏ ဆိုင်ကယ်ကို ပထမဦးစွာ တိုက်မိခဲ့သည်။
ယာဉ်မောင်းသည် အခင်းဖြစ်နေရာမှ ရပ်တန့်ခြင်းမရှိဘဲ ထလန်းမြို့နယ်ဘက်သို့ အရှိန်မြှင့် မောင်းနှင်ထွက်ပြေးခဲ့ရာ မီတာ ၁၀၀ ခန့်အကွာ စတိုးဆိုင်ရှေ့တွင် ရပ်ထားသည့် အခြားဆိုင်ကယ် ၃ စီးကို ထပ်မံဝင်တိုက်ခဲ့သည်။
၎င်းတိုက်ခိုက်မှုကြောင့် သနဝိဇ်နှင့် အသက် ၄၅ နှစ်အရွယ် မာရီယမ် (Mariem) ဆိုသူ အမျိုးသမီးတို့မှာ ထလန်းဆေးရုံကြီးသို့ ပို့ဆောင်စဉ် ည ၉:၄၀ နာရီတွင် သေဆုံးသွားခဲ့ရသည်။ ထို့အပြင် အသက် ၃၆ နှစ်နှင့် ၆၀ အရွယ် အခြား ဆိုင်ကယ်စီးနင်းသူ အမျိုးသား ၂ ဦး (နိရန် နှင့် ခနစ်) တို့လည်း ဒဏ်ရာရရှိခဲ့ကြသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး မူးယစ်နေသည့် မြန်မာယာဉ်မောင်း အောင်မင်းဦးကို ချက်ချင်း ဖမ်းဆီးခဲ့သည်။ ၎င်း၏ သွေးတွင်း အယ်လ်ကိုဟော ပမာဏကို စစ်ဆေးခဲ့ရာ 239 mg% အထိ တွေ့ရှိခဲ့ရပြီး၊ ယင်းသည် ထိုင်းဥပဒေအတိုင်းအတာ သတ်မှတ်ချက် (50 mg%) ထက် အဆမတန် မြင့်မားနေခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က ၎င်းအား မူးယစ်၍ မဆင်မခြင် မောင်းနှင်မှု၊ လူသေစေမှုနှင့် ထိခိုက်ဒဏ်ရာရရှိစေမှု အပါအဝင် ဥပဒေ ပုဒ်မများစွာဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။
Source;Bangkok Post
