ထိုင်းနိုင်ငံတွင် ယနေ့ညသန်းခေါင်ကစ၍ အရက်သေစာရောင်းချခွင့် ပိတ်ပင်

ဘန်ကောက်၊ ဇူလိုင် ၂၈ (၂၀၂၆) – ထိုင်းနိုင်ငံ၏ နာမည်ကြီး ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်များဖြစ်သည့် အာဆာဠှပူဇော်ပွဲနေ့ (Asalha Bucha Day) နှင့် ဝါဆိုလပြည့်ကျော် ၁ ရက် (Buddhist Lent Day) တို့တွင် ထိုင်းတစ်နိုင်ငံလုံး၌ အရက်သေစာ ရောင်းချခွင့်ကို ၂ ရက်ဆက်တိုက် ပိတ်ပင်ထားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အချိန်ကာလမှာ ဇူလိုင် ၂၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၀၀:၀၁ နာရီမှ ဇူလိုင် ၃၀ ရက် (ကြာသပတေးနေ့) ညသန်းခေါင် ၁၂:၀၀ နာရီအထိ ၂ ရက်ဆက်တိုက် စိစစ်ပိတ်ပင်မည်ဖြစ်သည်။

ကုန်စုံဆိုင်များ၊ စူပါမားကတ်များ၊ စတိုးဆိုင်များနှင့် သာမန် စားသောက်ဆိုင်များအားလုံးတွင် အရက်၊ ဘီယာနှင့် မူးယစ်ဆေးဝါး ရောင်းချခွင့် လုံးဝ ဆိုင်းငံ့ထားရမည်။

ဇူလိုင် ၂၉ ရက် (အာဆာဠှပူဇော်ပွဲနေ့) သည် အစိုးရရုံးများ၊ ဘဏ်များနှင့် ပုဂ္ဂလိက ရုံးများပါ ပိတ်ရက်ဖြစ်ပြီး၊ ဇူလိုင် ၃၀ ရက် (ဝါဆိုလပြည့်ကျော် ၁ ရက်) မှာမူ အစိုးရရုံးများသာ ပိတ်မည်ဖြစ်သည်။

ကင်းလွတ်ခွင့် ရရှိသည့်နေရာများ (၅ မျိုး):

1.နိုင်ငံတကာ လေဆိပ်များအတွင်းရှိ ခရီးသည် ဝန်ဆောင်မှု အဆောက်အအုံများ။

2.တရားဝင် လိုင်စင်ရထားသည့် ဖျော်ဖြေရေး စခန်းများ (Entertainment Venues)။

3.ခရီးသွားနယ်မြေအဖြစ် သတ်မှတ်ထားသော ဖျော်ဖြေရေးစခန်းနှင့် ဆင်တူသည့် နေရာများ။

4.တရားဝင် လိုင်စင်ရ ဟိုတယ်များ။

5.အမျိုးသားအဆင့် သို့မဟုတ် နိုင်ငံတကာအဆင့် အခမ်းအနားပွဲများ ကျင်းပသည့် သတ်မှတ်နေရာများ။

သာမန် ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် စားသောက်ဆိုင်များအနေဖြင့် စည်းကမ်းဖောက်ဖျက်၍ အရက်ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံး ဖြစ်စေ အရေးယူခံရမည်ဖြစ်သည်။

ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးရေးအဖွဲ့များ စေလွှတ်ထားပြီး စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူသွားမည်ဟု သိရသည်။

Source;The Nation