ထိုင်းနိုင်ငံရှိ ပြည်နယ် ၁၅ ခုတွင် မြေပြိုခြင်းနှင့် တောင်ကျရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပေး

ဘန်ကောက်၊ ဇူလိုင် ၃၀ (၂၀၂၆) – ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒဆိုင်ရာ အရင်းအမြစ်များ ဦးစီးဌာနက ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၁ ရက် (ကြာသပတေးမှ စနေနေ့) အတွင်း မြောက်ပိုင်းဒေသ အပါအဝင် ပြည်နယ် ၁၅ ခု၌ သဲသဲမဲမဲ မိုးရွာသွန်းမှုများကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံများ အထူးသတိပြုကြရန် သတိပေးလိုက်ပါတယ်။
🗺️ အန္တရာယ်ရှိနိုင်သည့် ပြည်နယ် ၁၅ ခု
-မြောက်ပိုင်းဒေသ: တက်ခ် (Tak)၊ မယ်ဟောင်ဆောင် (Mae Hong Son)၊ ဇင်းမယ် (Chiang Mai)၊ လမဖုန်း (Lamphun)၊ ဇင်းရိုင် (Chiang Rai)၊ နန်း (Nan)၊ ဖယောင်း (Phayao)၊ ဖရဲ (Phrae)၊ ဥတ္တရဒိဌ် (Uttaradit) နှင့် ဖက်ချဘွန် (Phetchabun)။
-အလယ်ပိုင်းဒေသ: ကန်ချနဘူရီ (Kanchanaburi)။
-အရှေ့ပိုင်းဒေသ: ဂျန်သဘူရီ (Chanthaburi) နှင့် တရတ် (Trat)။
-တောင်ပိုင်းဒေသ: ရနောင်း (Ranong) နှင့် ဖန်းငါ (Phangnga)။
မုတ်သုံလေဝန်း ဖိအားနည်းရပ်ဝန်းသည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် လွှမ်းမိုးနေပြီး မုတ်သုံလေ အားကောင်းနေသဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၁၅၀ မီလီမီတာထက်ကျော်လွန်၍ ဆက်တိုက် မိုးရွာသွန်းလျက်ရှိသည်။
လွန်ခဲ့သည့် ညပိုင်းကတည်းက ဇင်းမယ်၊ ဇင်းရိုင်၊ ဂျန်သဘူရီနှင့် ဖက်ချဘွန် တို့ရှိ လူနေရပ်ကွက်အချို့တွင် တောင်ကျရေလျှံခြင်းနှင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။
အာဏာပိုင်များက စေတနာ့ဝန်ထမ်း ကွန်ရက်များကို အခြေအနေများကို အနီးကပ် စောင့်ကြည့်ရန် စေလွှတ်ထားပြီး ဒေသခံများအနေဖြင့် တန်ဖိုးရှိ ပစ္စည်းများကို အမြင့်သို့ ရွှေ့ပြောင်းထားကြရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် အသိပေးထားသည်။

Source;Bangkok Post