စံခလဘူရီ၊ ဇူလိုင် ၃၀ (၂၀၂၆) – ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့နယ် (Sangkhlaburi) ရှိ လမ်းမကြီး စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့များက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ကားတစ်စီးကို တားဆီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက် နံနက် ၆:၀၀ နာရီခန့်တွင် လမ်းမကြီး နံပါတ် ၃၂၃ အတိုင်း ထောင်းဖာဖူးမ်မြို့နယ် (Thong Pha Phum) ဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးကို ပရံဖလဲကျေးရွာအုပ်စု (Prang Phle)၊ အုပ်စု ၄ မှ ကျေးရွာအုပ်ချုပ်ရေးမှူး မဆူဖာဝဒီ ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် တရားမဝင် သယ်ဆောင်ပေးသူ (ပွဲစား/ယာဉ်မောင်း) ၂ ဦး နှင့်အတူ ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃ ဦး ကို တွေ့ရှိခဲ့ရသည်။
လိုက်ပါလာသည့် မြန်မာလုပ်သား ၃ ဦးသည် ထိုင်းစကား ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် ပတ်စပို့စ် သို့မဟုတ် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပေ။
အာဏာပိုင်များသည် သံသယရှိသူ ယာဉ်မောင်း ၂ ဦးနှင့် မြန်မာလုပ်သား ၃ ဦး (စုစုပေါင်း ၅ ဦး) အား မော်တော်ယာဉ်နှင့်အတူ သိမ်းဆည်း၍ ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် စံခလဘူရီ မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စံခလဘူရီ မြို့နယ်အာဏာပိုင်များအနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိသည်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
