ချာချင်ဆောင်တွင် အီလက်ထရောနစ်စက်ရုံ အလုပ်သွင်းပေးမည်ဟုဆိုကာ မြန်မာလုပ်သား ၁၀၀ ကျော်ထံမှ ဘတ် ၅ သိန်းကျော် လိမ်လည်ခဲ့သည့် မြန်မာပွဲစားအား ရဲစခန်းပို့အရေးယူ

ထိုင်းနိုင်ငံ၊ ချာချင််ဆောင် (Chachoengsao) မြို့တွင်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ထံမှ ပွဲစား ရန်နောင် (ခေါ်) ချစ်မင်း ဆိုသူသည် အီလက်ထရောနစ် စက်ရုံ၌ အလုပ်သွင်းပေးမည်ဟုဆိုကာ စမတ်ကြေး ပရိယာယ်ဖြင့် ဘတ် ၅ သိန်းကျော် လိမ်လည်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
ပွဲစား ရန်နောင် (ခေါ်) ချစ်မင်း သည် အီလက်ထရောနစ် စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ အလုပ်သမားတစ်ဦးလျှင် စမတ်ကြေး ဘတ် ၅,၀၀၀ နှုန်းဖြင့် လူ ၁၀၀ ကျော်ထံမှ စုစုပေါင်း ဘတ် ၅ သိန်းကျော် ကောက်ခံခဲ့သည်။ သို့သော် အလုပ်အတိအကျ သွင်းမပေးဘဲ ကျန်းမာရေး စစ်ဆေးပေးရုံဖြင့် ရက်ရွှေ့ဆိုင်းကာ နေ့ရွှေ့ညရွှေ့ ပြုလုပ်နေခဲ့သည်။
အလုပ်မရသဖြင့် အလုပ်သမားများက ကျန်ရှိသည့် ဘတ် ၄,၀၀၀ နှုန်း (လူ ၁၀၀ ကျော်စာ စုစုပေါင်း ဘတ် ၄ သိန်းကျော်) ကို ပြန်လည်တောင်းခံခဲ့သည်။ ပွဲစား ရောက်ရှိလာချိန်တွင် အလုပ်သမားများက WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့သဖြင့် WAG အဖွဲ့က ညတွင်းချင်း သွားရောက်ကာ စေ့စပ်ညှိနှိုင်းပေးခဲ့သည်။စေ့စပ်ညှိနှိုင်းစဉ် ငွေကြေး ပြန်လည်မရရှိသဖြင့် ပွဲစားအား ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
ပွဲစားဖြစ်သူက ဩဂုတ် ၁၁ ရက် (၂၀၂၆) ညနေ ၆:၀၀ နာရီတွင် ငွေများ လာရောက် ပေးချေမည်ဟု ဝန်ခံပြောဆိုခဲ့သဖြင့် ရဲစခန်းက ပွဲစား စီးနင်းလာသည့် BMW မော်တော်ယာဉ်နှင့် ပတ်စပို့ အထောက်အထားများကို သိမ်းဆည်းထားခဲ့သည်။
သတ်မှတ်ထားသည့် အချိန်တွင် ပွဲစားဘက်မှ ငွေကြေး လာရောက်ပေးဆောင်ခြင်း မရှိသဖြင့် WAG အဖွဲ့နှင့် အလုပ်သမားများက အဆိုပါ လိမ်လည်မှု အမှုကိစ္စအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

Source;WAG