နခွန်းဖနုမ်တွင် မဲခေါင်မြစ်ရေ မြင့်တက်မှုကြောင့် လယ်ယာမြေ ဧက ၂၀,၀၀၀ ကျော် ရေလွှမ်းမိုးခံရ

ထိုင်းနိုင်ငံ၊ နခွန်းဖနုမ် (Nakhon Phanom) ခရိုင်တွင် မဲခေါင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂ မီတာသို့ ရောက်ရှိလာခဲ့သဖြင့် လက်တက်မြစ်များဖြစ်သည့် အွန်း (Un) မြစ်နှင့် ဆုန်ခရမ် (Songkhram) မြစ်များအတွင်း မြစ်ရေလျှံတက်ကာ လူနေအိမ်များနှင့် စိုက်ပျိုးမြေ ရိုင်ပေါင်း ၂၀,၀၀၀ ကျော် (ဧက ၈,၀၀၀ ကျော်) ရေလွှမ်းမိုး ခဲ့ပါတယ်။
မဲခေါင်မြစ်ရေ ၁၂ မီတာအထိ မြင့်တက်လာမှုကြောင့် နယ်စပ် မြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းများသာမက အဓိက လက်တက်မြစ်များထဲသို့ မြစ်ရေများ နောက်ပြန်စီးဝင် ခဲ့သည်။ အထူးသဖြင့် အွန်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၆၀ ရာခိုင်နှုန်း (၄ မီတာခန့်) အထိ လျှံတက်ခဲ့ပြီး စိုက်ပျိုးရေး မြေများကို ရေလွှမ်းမိုးခဲ့သည်။
အစောပိုင်း စေ့စပ်စစ်ဆေးမှုများအရ စိုက်ပျိုးမြေနှင့် စပါးခင်း ရိုင်ပေါင်း ၂၀,၀၀၀ ကျော် ရေနစ်မြုပ်နေပြီး သီဆုန်ခရမ် (Si Songkhram) နှင့် နာဝါ (Na Wa) မြို့နယ်များ၌ ရိုင်ပေါင်း ၁၀,၀၀၀ ကျော် ထိခိုက်ခဲ့သည်။ နောက်ထပ် ၁ ပတ်မှ ၂ ပတ်အတွင်း မြစ်ရေ မကျပါက စပါးခင်းများ အကြီးအကျယ် ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။
သီဆုန်ခရမ် မြို့နယ်အတွင်းရှိ Ban Pak Un ကျေးရွာ အပါအဝင် မြစ်ကမ်းဘေးရှိ နေအိမ် ၂၀ ကျော် ရေဝင်ရောက်ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးပေါ် ကူညီရေးနှင့် ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ရေးများ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

Source;Thairath