အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေပြီး အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ် (Green Card) လျှောက်ထားလိုသည့် နိုင်ငံခြားသားများသည် ယေဘုယျအားဖြင့် အမေရိကန်ပြင်ပ (မိခင်နိုင်ငံ) သို့ ပြန်သွားပြီးမှသာ လျှောက်ထားရမည်ဆိုသည့် မူဝါဒအသစ်ကို အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (USCIS) က ကြေညာလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် USCIS ၏ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံအတွင်း ယာယီဗီဇာဖြင့် ရောက်ရှိနေသူများအနေဖြင့် ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်းကို အမြဲတမ်းနေထိုင်ခွင့် (Status Adjustment) အဖြစ် ပြောင်းလဲလိုပါက မိခင်နိုင်ငံသို့ ပြန်သွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန (သံရုံး) များမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ပါတယ်။ သို့သော် အလွန်ထူးခြားသည့် ဖြစ်ရပ်အခြေအနေများ ရှိလာပါက အခြေအနေတစ်ခုချင်းစီအပေါ် မူတည်၍ USCIS အရာရှိများက ချွင်းချက်အနေဖြင့် သုံးသပ်ပေးသွားမည်ဟု ဆိုပါတယ်။
USCIS အား ကြီးကြပ်ရသည့် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က ယခုပြောင်းလဲမှုသည် ဥပဒေကွက်လပ် (Loopholes) များကို အသုံးချနေခြင်းကို တားဆီးရန်နှင့် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဥပဒေမူဘောင်အတိုင်း တိကျစွာ လည်ပတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဤမူဝါဒသစ်ကြောင့် အမေရိကန်ပြည်တွင်းရှိ USCIS ရုံးများ၏ အရင်းအမြစ်များနှင့် ဝန်ထမ်းအင်အားကို အခြားသော အရေးကြီးသည့် လူဝင်မှုကြီးကြပ်ရေးအမှုတွဲများ စီစစ်ရာတွင် ပိုမိုထိရောက်စွာ ခွဲဝေအသုံးပြုနိုင်မည် ဖြစ်ပါတယ်။
ယခုမူဝါဒသည် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ဒုတိယသက်တမ်း အစိုးရတက်လာပြီးနောက်ပိုင်း အမေရိကန်သို့ ရွှေ့ပြောင်းဝင်ရောက်မှုကို တင်းကျပ်ရန် လုပ်ဆောင်လာသည့် ဆက်တိုက်ဆိုသလို ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့သည့်နှစ်က ကျောင်းသားဗီဇာ၊ ယဉ်ကျေးမှုဖလှယ်ရေးဗီဇာနှင့် မီဒီယာဗီဇာ သက်တမ်းများကို တိုတောင်းအောင် ကန့်သတ်ခဲ့သလို၊ ယခုနှစ် ဇန်နဝါရီလတွင်လည်း ထရမ့်အစိုးရလက်ထက် ဗီဇာပေါင်း ၁၀၀,၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဤတင်းကျပ်သည့် မူဝါဒသစ်အပေါ် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးနေသည့် HIAS ကဲ့သို့သော လူမှုကူညီရေးအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ထားကြပါတယ်။
၎င်းတို့၏ ထောက်ပြချက်အရ ယခုစနစ်သစ်သည် လူကုန်ကူးခံရသူများ၊ နှိပ်စက်စွန့်ပစ်ခံရသည့် ကလေးသူငယ်များကဲ့သို့ သနားစရာကောင်းပြီး အကာအကွယ်ပေးရမည့်သူများကိုပါ ၎င်းတို့ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည့် အန္တရာယ်ရှိသော မိခင်နိုင်ငံများသို့ ပြန်သွားပြီးမှ ဂရင်းကတ်လျှောက်ခိုင်းသလို ဖြစ်နေသည့်အတွက် အလွန်အန္တရာယ်များကြောင်း သတိပေးထားပါတယ်။
Source; The Nation
