ဖူးခက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ (PPAO) ဥက္ကဋ္ဌ Rewat Areerob သည် ပြည်သူ့ဆေးရုံများတွင် ရွှေ့ပြောင်းလုပ်သားများ မီးဖွားမှု များပြားနေခြင်းကြောင့် ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများကို ထိခိုက်စေသည်ဟုဆိုကာ ရွှေ့ပြောင်းလုပ်သားများ၏ မီးဖွားခွင့် ခံစားခွင့်များကို ကန့်သတ်ပေးရန် သက်ဆိုင်ရာ ထိုင်းလုပ်ငန်းခွင် ဝန်ကြီးဌာနသို့ တရားဝင် အကြောင်းကြားစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့ဆေးရုံများတွင် ရွှေ့ပြောင်းလုပ်သားများ မီးဖွားမှုကြောင့် ဆေးရုံကုတင်၊ ဝန်ထမ်းနှင့် ဘတ်ဂျက်များ လုံလောက်မှု မရှိတော့သဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ မီးဖွားခွင့် ခံစားခွင့်များကို ကန့်သတ်ရန် သို့မဟုတ် ပယ်ဖျက်ရန်နှင့် သက်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။
ရွှေ့ပြောင်းလုပ်သားများ၏ မှီခိုသူများနှင့် ကလေးငယ်များအတွက် ပြည့်ဝသော ကျန်းမာရေးအာမခံ မဖြစ်မနေ ထားရှိစေခြင်းဖြင့် ပြည်သူ့ဆေးရုံများ၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးရန် အကြံပြုထားသည်။
ထိုင်းနိုင်ငံသားများအတွက် သီးသန့် သတ်မှတ်ထားသော အလုပ်အကိုင်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများကို စိစစ်ဖမ်းဆီး အရေးယူမှုများ တင်းကျပ်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ရွှေ့ပြောင်းလုပ်သား များပြားလာခြင်းကြောင့် ဒေသခံ ထိုင်းနိုင်ငံသားများ အလုပ်အကိုင် ယှဉ်ပြိုင်လုယူခံရခြင်း၊ တန်ဖိုးနည်း အိမ်ရာများ ပိတ်ဆို့ကြပ်ညှပ်လာခြင်းနှင့် အများပြည်သူ လုံခြုံရေး စိုးရိမ်ရမှုများ ရှိလာကြောင်း PPAO သို့ တိုင်ကြားချက်များ ရရှိထားသည်ဟု ဆိုသည်။
အဆိုပါ တောင်းဆိုချက်ပါ အကြောင်းကြားစာကို ဇူလိုင် ၂၁ ရက်စွဲဖြင့် လုပ်ငန်းခွင် ဝန်ကြီးထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ် ၁၇ ရက်နေ့တွင် PPAO ဥက္ကဋ္ဌ၏ လူမှုကွန်ရက်စာမျက်နှာ၌ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
Source;Phuket News
