ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဌာန (DDPM) သည် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေလျှံခြင်းနှင့် လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ခရိုင်များရှိ ပြည်သူများထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) တွင် Cell Broadcast စနစ်ဖြင့် အရေးပေါ် သတိပေးချက်များ ပေးပို့ခဲ့ပါတယ်။
ဖစ်ချဘွန်းခရိုင် (Phitsanulok) ရှိ Khlong Chomphu ချောင်းရေ လျှံတက်လာနိုင်သဖြင့် အနီးဝန်းကျင် ကျေးရွာများကို သတိပေးထားသည်။ မယ်ဟောင်ဆောင်ခရိုင် (Mae Hong Son) မြို့နယ်များတွင်လည်း လျှပ်တပြက် ရေကြီးမှုနှင့် မြေပြိုမှုများအတွက် အထူးသတိပေးထားသည်။
ဖရဲခရိုင် (Phrae)၊ နခွန်ဖနုမ်ခရိုင် (Nakhon Phanom) နှင့် ဥတ္တရာဒစ်ခရိုင် (Uttaradit) ရှိ လပ်လယ် (Laplae) မြို့နယ်များတွင် ရေချောင်းများ ရေမျက်နှာပြင် မြင့်တက်လာနေသဖြင့် မြေနိမ့်ပိုင်းနှင့် တောင်ခြေအနီး စေတီ/ကျေးရွာများကို သတိပေးစာများ ပေးပို့ထားသည်။
အရေးပေါ်ဒေသရှိ ပြည်သူများအနေဖြင့် အိမ်ထောင်စု ပစ္စည်းများနှင့် မော်တော်ယာဉ်များကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းထားရန်၊ အဖိုးတန်ပစ္စည်းများနှင့် စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းရန်၊ လျှပ်စစ်အန္တရာယ် သတိပြုရန်နှင့် သက်ကြီးရွယ်အို/ကလေးငယ်များကို ကူညီပေးကြရန် တိုက်တွန်းထားသည်။
ချင်းရိုင်၊ ဖယောင်းနှင့် နန်းခရိုင်များကို မြေပြိုအန္တရာယ် အထူးစောင့်ကြည့်ရန် လိုအပ်ပြီး၊ ကမ်းရိုးတန်းခရိုင် ၇ ခု (ချွန်ဘူရီ၊ ရယောင်း၊ စန္ဒပူရီ၊ တရတ်၊ ရနောင်း၊ ဖန်ငါနှင့် ဖူးခက်) တွင်လည်း လေပြင်းနှင့် လှိုင်းကြီးနိုင်သဖြင့် စောင့်ကြည့်ရန် အကြောင်းကြားထားသည်။
အကူအညီ လိုအပ်ပါက DDPM Hotline 1784 သို့ဖြစ်စေ၊ LINE အကောင့် (@1784DDPM) သို့ဖြစ်စေ ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်ကြောင်း သိရသည်။
Source;The Nation
