ဘန်ကောက်၌ တရုတ်အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲ၍ မြန်မာနယ်စပ်သို့ ခေါ်ဆောင်ရန် ကြံစည်မှုဖြစ်ပွား

စင်ကာပူမှ ထိုင်းသို့ အလည်လာသည့် တရုတ်အမျိုးသမီးတစ်ဦးအား ဘန်ကောက်ဟိုတယ်မှ ပြန်ပေးဆွဲ၍ မြန်မာနယ်စပ် မဲဆောက်သို့ ခေါ်ဆောင်စဉ် ကမ်ဖဲင်ဖက်ခရိုင်ရှိ ရဲစစ်ဆေးရေးဂိတ်အရောက်တွင် ကားပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်ခဲ့ပြီးနောက် ပြန်ပေးဆွဲသူ ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက်ညက ခရီးသွားလမ်းညွှန်ဟု ယူဆရသူ စေလွှတ်လိုက်သည့် ကားပေါ်သို့ တရုတ်အမျိုးသမီး တက်ရောက်ခဲ့စဉ် အခြားအမျိုးသား ၃ ဦး ထပ်မံလိုက်ပါလာပြီး ဖုန်းကိုလုယူကာ လက်ကို ကြိုးတုတ်၍ ရိုက်နှက်ခဲ့သည်။
တရားခံများက မဲဆောက်နယ်စပ်သို့ မောင်းနှင်စဉ် ကမ်ဖဲင်ဖက်ရှိ ရဲစစ်ဆေးရေးဂိတ်ကို တိုက်ဖျက်မောင်းနှင်ချိန်တွင် တရုတ်အမျိုးသမီးက မောင်းနှင်နေသော ကားပေါ်မှ ခုန်ချ၍ အနီးရှိ ဆိုင်တံခါးကို ခေါက်ကာ အကူအညီတောင်းခံခဲ့သည်။
ကားဘီးပေါက်၍ ထွက်ပြေးသွားသည့် တရားခံများအနက် မဲဆောက်ဒေသခံ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန် ၂ ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။
ယာဉ်မောင်းဖြစ်သူက ဘတ် ၁၀,၀၀၀ ဖြင့် ကားမောင်းခိုင်း၍ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပြီး ရဲတပ်ဖွဲ့က ပြန်ပေးဆွဲ ဂိုဏ်းကွန်ရက်တစ်ခု ဖြစ်နိုင်ခြေကို ဆက်လက် စုံစမ်းနေသည်။
Source;Khaosod