ထိုင်းနိုင်ငံ၏ စည်းကမ်းနှင့် ယဉ်ကျေးမှုကို မလေးစားသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာကို ရုပ်သိမ်းမည်ဟု အစိုးရ သတိပေး

ဖူးခက်နှင့် ကော့သမူအီ ကဲ့သို့သော အရေးပါသည့် ခရီးသွားဒေသများတွင် အချို့သော နိုင်ငံခြားသား ခရီးသွားများ (အထူးသဖြင့် အစ္စရေး ခရီးသွားအဖွဲ့အချို့) ၏ စည်းကမ်းမဲ့မှုနှင့် ပြဿနာရှာမှုများ ကြုံတွေ့နေရသဖြင့် အစဉ်အလာနှင့် ဥပဒေကို မလေးစားဘဲ ပြဿနာရှာသည့် ခရီးသွားများ၏ ဗီဇာများကို ချက်ချင်း ရုပ်သိမ်း (Revoke Visas) သွားမည်ဟု ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်းထန်စွာ သတိပေးလိုက်ပါတယ်ဗျာ။
ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Surasak Phancharoenworakul က ဤပြုမူဆောင်ရွက်ချက်များသည် ပုဂ္ဂလိကတစ်ဦးချင်းစီ၏ စည်းကမ်းမဲ့မှုဖြစ်သော်လည်း ၎င်းတို့၏ လုပ်ရပ်များကို လျစ်လျူရှုထားမည် မဟုတ်ဘဲ၊ ပြဿနာများ မကြီးထွားမီ ဗီဇာ ပြန်လည်ရုပ်သိမ်းရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ချက်ချင်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကို ကြိုဆိုသော်လည်း ထိုင်းဥပဒေနှင့် ယဉ်ကျေးမှုကို လေးစားရမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံသားကိုမျှ ထိုင်းနိုင်ငံအား “ကစားကွင်း (Playground)” သဖွယ် သဘောထားခွင့် သို့မဟုတ် အခြားသော ပဋိပက္ခများနှင့် သက်ဆိုင်သည့် သင်္ကေတပြပွဲများ ပြုလုပ်ခွင့် ပေးမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ဖူးခက်နှင့် သမူအီကဲ့သို့ ကမ္ဘာ့အဆင့်မီ ခရီးသွားဒေသများ၏ ပုံရိပ်နှင့် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များကို ကြိုတင်ကာကွယ်ခြင်းဖြင့်၊ စည်းကမ်းတကျ လာရောက်လည်ပတ်ကြသည့် အခြားသော နိုင်ငံတကာ ခရီးသွားများနှင့် ဒေသခံ လုပ်ငန်းရှင်များအတွက် စိတ်အေးချမ်းသာစွာ ဝန်ဆောင်မှုပေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်သည်။
Source;The Nation