Samui Exotic Park  တိရစ္ဆာန်ရုံပိုင်ရှင်အား ခြိမ်းခြောက် ဆုကြေးထုတ်မှုနှင့် ဆက်စပ်၍ နိုင်ငံခြားသား ခရီးသွားတစ်ဦး၏ ဗီဇာကို ထိုင်းအစိုးရ ရုပ်သိမ်း

ထိုင်းနိုင်ငံ၊ Koh Samui ကျွန်းရှိ Samui Exotic Park တိရစ္ဆာန်ရုံ ပိုင်ရှင်အား ဆုကြေးငွေ ထုတ်ခဲ့သည့် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်မှုရှိသော နိုင်ငံခြားသား ခရီးသွားတစ်ဦး၏ ဗီဇာကို ပြန်လည်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Surasak Phancharoenworakul က ယနေ့ (ဩဂုတ် ၂၅ ရက်) အစိုးရအဖွဲ့ အစည်းအဝေးမတိုင်မီ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ကော့စမူရှိ အဆိုပါ တိရစ္ဆာန်ရုံတွင် အစ္စရေး မိသားစုတစ်စုအား ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့ရာမှ စတင်၍ ပြဿနာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက် တိရစ္ဆာန်ရုံ ပိုင်ရှင်များအား ခြိမ်းခြောက်ခဲ့သည့် အစ္စရေး အမျိုးသားတစ်ဦးကို ဒဏ်ငွေ ဘတ် ၅,၀၀၀ နှင့် ထောင်ဒဏ် ၂ နှစ် (ဆိုင်းငံ့) ချမှတ်ခဲ့သလို၊ အွန်လိုင်းတွင် ဘတ် ၅ သိန်း ဆုကြေး ထုတ်ခဲ့သည့် ဖြစ်စဉ်ကိုလည်း ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းနေခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး Surasak က ထိုင်းနိုင်ငံ၏ ဥပဒေနှင့် ယဉ်ကျေးမှုကို လေးစားသော ခရီးသွားတိုင်းကို ကြိုဆိုသော်လည်း၊ မိမိတို့ နိုင်ငံနှင့် မသက်ဆိုင်သည့် ပဋိပက္ခ သင်္ကေတ ပြသမှုများနှင့် ပြဿနာ ရှာသူများကို လက်ခံမည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။
အချို့သော စည်းကမ်းမဲ့ နိုင်ငံခြားသားများကြောင့် ၎င်းတို့ နိုင်ငံသား တစ်ခုလုံး၏ ဗီဇာများကို ပိတ်ပင်သွားမည် မဟုတ်ဘဲ၊ ပြဿနာရှာသည့် တစ်ဦးချင်းစီ၏ ပြုမူဆောင်ရွက်ချက်ပေါ်မူတည်၍ဗီဇာ ပြန်လည် ရုပ်သိမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကော့ဖငန်းနှင့် ကော့စမူတို့တွင် အစ္စရေး ခရီးသွားများနှင့် ဒေသခံများအကြား အွန်လိုင်းနှင့် အပြင်၌ တင်းမာမှုများ ရှိနေပြီး၊ တရားမဝင် စက်ရုံ/စီးပွားရေး လုပ်ကိုင်မှုများနှင့် တရားမဝင် ကျောင်းဖွင့်လှစ်ထားမှုများကိုလည်း အာဏာပိုင်များက ဆက်လက် စိစစ်လျက် ရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Alona Fisher-Kamm ကလည်း သုရတ်ဌာနီ ခရိုင် အာဏာပိုင်များနှင့် တွေ့ဆုံကာ မိမိတို့ နိုင်ငံသားအများစုမှာ စည်းကမ်းရှိကြကြောင်းနှင့် သံရုံးအနေဖြင့် ထိုင်းအာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
ထိုင်းခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) သည် လေကြောင်းလိုင်းများနှင့် ပူးပေါင်း၍ ခရီးသွားများ ထိုင်းနိုင်ငံအတွင်း လိုက်နာရမည့် ဥပဒေနှင့် စည်းကမ်းများကို အသိပေးလျက်ရှိသည်။ မလိုလားအပ်သော အခက်အခဲ သို့မဟုတ် လုံခြုံရေး ခြိမ်းခြောက်မှုများ ကြုံတွေ့ရပါက ခရီးသွားရဲတပ်ဖွဲ့၏ ၂၄ နာရီ Hot line 1155 သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
Source;The Nation