တောင်ကိုရီးယားနိုင်ငံ အမျိုးသား နည်းပညာ အရည်အချင်းစစ် စာမေးပွဲများတွင် စမတ်မျက်မှန် (Smart Glasses) သုံး၍ ခိုးချသည့် ဖြစ်စဉ် အနည်းဆုံး ၅ မှုအထိ ၂ လအတွင်း တွေ့ရှိခဲ့ရပြီးနောက် အလုပ်သမား ဝန်ကြီးဌာနက နည်းပညာမြင့် စက်ပစ္စည်းများကို ပိတ်ပင်မည့် ပိုမို တင်းကြပ်ပြီး လိုက်လျောညီထွေရှိသည့် စည်းမျဉ်းသစ်များ ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။
ပြီးခဲ့သည့် မေနှင့် ဇွန်လအတွင်း ဆိုးလ်၊ ဒါဂူး၊ အူဆန်၊ ဂွမ်ဂျူးနှင့် မော့ခ်ပို မြို့များ၌ ဖြေဆိုသူ ၅ ဦးအား စမတ်မျက်မှန်များဖြင့် ခိုးချစဉ် ဖမ်းဆီးရမိခဲ့သည်။
မျက်မှန်ကိုင်းအတွင်း ကင်မရာမှန်ဘီလူးနှင့် စခရင်မျက်နှာပြင်များ မြှုပ်နှံတပ်ဆင်ထားသည်ကို စိစစ်တွေ့ရှိခဲ့သည့်အပြင်၊ ဖြေဆိုစဉ် မျက်မှန်မှ အလင်းရောင်ထွက်ခြင်း၊ အီလက်ထရွန်နစ် အသံမြည်ခြင်းနှင့် စခရင်မီးလင်းခြင်းတို့ကြောင့် စာမေးပွဲ စောင့်ကြည့်သူများက မိန်းမောဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူ ၅ ဦးစလုံး၏ ရမှတ်များကို ပယ်ဖျက်ခဲ့ပြီး ဂွမ်ဂျူး၊ မော့ခ်ပိုနှင့် ဒါဂူးတို့မှ ဖြစ်စဉ် ၃ မှုကို တရားစွဲဆိုနိုင်ရေး တရားလိုပြ ရှေ့နေများထံ လွှဲပြောင်းထားသည်။
နည်းပညာများ မြန်ဆန်စွာ ပြောင်းလဲနေသဖြင့် ပစ္စည်းအမည်တစ်ခုချင်းစီအလိုက် ဥပဒေလိုက်ပြင်ရန် ခက်ခဲသောကြောင့် အနာဂတ်တွင် ပေါ်ပေါက်လာမည့် အီလက်ထရွန်နစ် စက်ပစ္စည်းအသစ်များကိုပါ ချက်ချင်း ပိတ်ပင်နိုင်မည့် လိုက်လျောညီထွေရှိသော ဥပဒေမူကြမ်းကို ယခုနှစ်ကုန်တွင် အပြီးသတ် ပြင်ဆင်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် TOPIK (ကိုရီးယားဘာသာ အရည်အချင်းစစ်) စာမေးပွဲ၌ ၃ မှုနှင့် ယခုနှစ် မေလ TOEIC စာမေးပွဲ၌ ၂ မှု စမတ်မျက်မှန် ခိုးချရန် ကြံစည်မှုများ တွေ့ရှိခဲ့သည်။
TOPIK ကြီးကြပ်ရေး အဖွဲ့သည် ပြည်တွင်း စာမေးပွဲစင်တာများ၌ ရေဒီယိုလှိုင်းနှင့် သတ္တုရှာစက်များ တပ်ဆင်ထားပြီး လာမည့်နှစ်တွင် ပြည်ပ စာမေးပွဲစင်တာများအထိ တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်သည်။
Source;The Nation
