ထိုင်းအနုပညာရှင်မလေး Nene Royal က AGT 2026 ၌ Golden Buzzer ရရှိပြီး ဗိုလ်လုပွဲသို့ တိုက်ရိုက် တက်ရောက်

အသက် ၁၆ နှစ်အရွယ် ဖူးခက်သူ ထိုင်းအဆိုတော်နှင့် ဂီတာသမား Nene Royal သည် America’s Got Talent (AGT) 2026 ၏ Live Show တွင် ဒိုင်လူကြီး Mel B ၏ Golden Buzzer ကို ရရှိခဲ့ပြီး၊ ဆဲမိဖိုင်နယ်ကို ကျော်လွန်ကာ ဗိုလ်လုပွဲ (Final) သို့ တိုက်ရိုက် တက်ရောက်သွားခဲ့ပါတယ်။

Nene သည် Live Show တွင် Soundgarden အဖွဲ့၏ “Black Hole Sun” သီချင်းကို သူမ၏ အစွမ်းထက်သော အသံပါဝါ၊ ဂီတာတီးခတ်မှု ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ် တင်ဆက်ခဲ့သည်။

Howie က “ဒါမျိုး မပြောသင့်မှန်း သိပေမယ့် NBC အနေနဲ့ သူ့ကို အခုချက်ချင်း ဒေါ်လာ ၁ သန်း ပေးလိုက်သင့်ပြီ” ဟု ရယ်စရာပြု၍ အစွမ်းကုန် ချီးကျူးခဲ့သည်။

Sofia က Nene ၏ အသံ၊ ဂီတာတီးခတ်မှုနှင့် ပုံစံမှာ အံ့ဩဖွယ်ကောင်းပြီး ယခုပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သွားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

90s Pop ဂီတကိုသာ ကြိုက်နှစ်သက်သည့် Mel B က Nene ၏ ပါရမီနှင့် စွမ်းအင်ကို မငြင်းဆန်နိုင်ဘဲ Golden Buzzer ခလုတ်ကို နှိပ်ပေးခဲ့ရာ ရွှေရောင် စက္ကူစများ စင်ပေါ်ကျလာခဲ့ပြီး Nene လည်း ဝမ်းသာမျက်ရည်ကျကာ ဖခင်ဖြစ်သူကို သွားရောက် ဖက်ယမ်းခဲ့သည်။

Nene သည် Audition အဆင့်တွင် The Cranberries ၏ “Zombie” သီချင်းဖြင့် ဒိုင် ၄ ဦးလုံး၏ Yes မဲကို ရရှိခဲ့ပြီး၊ Judges’ Callbacks အဆင့်တွင် Muse ၏ “Hysteria” သီချင်းဖြင့် Live Show ယှဉ်ပြိုင်ခွင့်ရ ၄၄ ယောက် စာရင်း၌ ပါဝင်ခဲ့သူဖြစ်သည်။

ယခု Live Show Golden Buzzer ကြောင့် Nene သည် စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပမည့် ဆဲမိဖိုင်နယ်ကို ယှဉ်ပြိုင်ရန် မလိုတော့ဘဲ စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် Finale (ဗိုလ်လုပွဲ) သို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိခဲ့သည်။ ပြိုင်ပွဲရလဒ်ကို အမေရိကန်စံတော်ချိန် စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

Source;The Nation