မှောက်သွားသည့် ကုန်ကားပေါ်မှ ပုဇွန်များ ခိုးယူခဲ့သည့် ထိုင်းဒေသခံ ၃၂ ဦး ထောင်ဒဏ် (ဆိုင်းငံ့) နှင် ဒဏ်ငွေများချမှတ်ခံရ

ထိုင်းနိုင်ငံ၊ လန်းပန်း (Lampang) ခရိုင်၊ ထိုအင်း (Thoen) မြို့နယ်၌ လမ်းဘေးသို့ တိမ်းမှောက်သွားသည့် ကုန်ကားပေါ်မှ ဘတ် ၃ သိန်းကျော် တန်ဖိုးရှိ လတ်ဆတ်သော ပုဇွန်များကို ခိုးယူခဲ့ကြသည့် ဒေသခံ ၃၂ ဦးအား ခရိုင်တရားရုံးက ထောင်ဒဏ် ၆ လ (ဆိုင်းငံ့) နှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ စီ ချမှတ်လိုက်ပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညပိုင်းက ပုဇွန်သေတ္တာ ၁၂၀ (အလေးချိန် ၁,၂၀၀ ကီလိုဂရမ်) တင်ဆောင်လာသည့် ကုန်ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးသို့ တိမ်းမှောက်ခဲ့သည်။
ကားမောင်းသူက ဝိုင်းဝန်းမယူကြရန် တောင်းပန်ခဲ့သော်လည်း ဒေသခံများက လမ်းပေါ်ပြန့်ကျဲနေသော ပုဇွန်များကို သိမ်းယူခဲ့ကြသဖြင့် ပုဇွန် ၄ သေတ္တာသာ ကျန်ရစ်ခဲ့သည်။ ယာဉ်မောင်းက အခင်းဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူး၍ သက်သေယူကာ ရဲစခန်း၌ တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က ပုဇွန်ခိုးယူသူ ဒေသခံ ၃၂ ဦးလုံးကို စိစစ်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သဖြင့် ညဉ့်နက်ပိုင်း ခိုးယူမှု၊ ပိုင်ရှင်ရှေ့၌ လုယက်ခိုးယူမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
ယနေ့ (ဩဂုတ် ၂၆ ရက်) တွင် လန်းပန်းခရိုင် တရားရုံးက တရားခံ ၃၂ ဦးစလုံးအား မူလပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ချမှတ်ခဲ့သော်လည်း၊ တရားခံများက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် ၆ လ (၂ နှစ် ဆိုင်းငံ့) နှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ စီ သို့ ပြစ်ဒဏ် ထက်ဝက် လျှော့ပေါ့ပေးခဲ့သည်။
ယာဉ်မတော်တဆ ဖြစ်ပွားသည့် နေရာများ၌ ပြန့်ကျဲကျန်ရစ်ခဲ့သော ပစ္စည်းများကို ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ သွားရောက်ကောက်ယူ ခိုးယူခြင်းသည် ပြစ်မှုထိုက်ကြောင်း ယခုအမှုက သတိပေးလိုက်ခြင်းဖြစ်သည်။


Source;Thaiger