Meta က ဒေါ်လာ ၁၈ ဘီလီယံ ပေးလျော်မည်၊ US ၌ လူငယ်များ Facebook သုံးချိန် ၂ နာရီ ကန့်သတ်

Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီ Meta သည် လူငယ်များ လူမှုကွန်ရက် စွဲလမ်းစေရန်နှင့် စိတ်ကျန်းမာရေး ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထွင်ထားသည်ဟုဆိုသော အမေရိကန် ပြည်နယ် ၂၉ ခု၏ တရားစွဲဆိုမှုကို ရင်ဆိုင်နေရာမှ ၁၀ နှစ်တာကာလအတွင်း ဒေါ်လာ ၁၈ ဘီလီယံအထိ (ဘတ် ၆၃၀ ဘီလီယံခန့်) ပေးလျော်ကာ အမှုကျေအေးရန် သဘောတူညီခဲ့ပါသည်။

Facebook နှင့် Instagram နှစ်ခုပေါင်း သုံးစွဲချိန်ကို တစ်ရက်လျှင် ၂ နာရီထက် မပိုစေရန် အလိုအလျောက် (Default) ကန့်သတ်မည်ဖြစ်သည်။ ၁၅ မိနစ် ဆက်တိုက်သုံးတိုင်း နားရန် သတိပေးချက် ပေါ်လာမည်ဖြစ်သည်။ ထို့ပြင် ညလယ် ၁၂ နာရီမှ နံနက် ၆ နာရီအထိ App များကို သုံး၍မရအောင် အလိုအလျောက် ပိတ်ထားမည် ဖြစ်သည်။

ကျောင်းချိန် (နံနက် ၈ နာရီမှ ညနေ ၃ နာရီ) အတွင်း အကြောင်းကြားစာ (Notifications) များကို လျှော့ချမည်ဖြစ်ပြီး၊ Posts များ၏ Like နှင့် Reaction အရေအတွက်များကို ဖျောက်ထားမည်ဖြစ်သည်။ အလွန်အမင်း ပြုပြင်ထားသော Make-up Filter များ သုံးစွဲခွင့်ကို ပိတ်ပင်မည်ဖြစ်ကာ Algorithm မပါသည့် Feed ကို ရွေးချယ်သုံးစွဲနိုင်မည်ဖြစ်သည်။

မမှန်ကန်သော အသက်ပြည့်စုံချက်များ ထည့်သွင်းသူများကို စိစစ်နိုင်မည့် အသက်စိစစ်ရေးစနစ် (Age-verification system) ကို ၁ နှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် Oakland ရှိ ဖက်ဒရယ်တရားရုံးတွင် စစ်ဆေးနေသည့် အဆိုပါအမှုကို တရားသူကြီး Yvonne Gonzalez Rogers က သဘောတူညီချက်ရရှိ၍ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

Meta အနေဖြင့် အာမခံထားသော ပေးလျော်ငွေ ဒေါ်လာ ၁၂.၇ ဘီလီယံ ပေးရမည်ဖြစ်ပြီး၊ TikTok၊ Snapchat နှင့် YouTube တို့ပါ အလားတူ စည်းကမ်းများ လိုက်နာပါက ထပ်မံပေးရမည့် ဒေါ်လာ ၅ ဘီလီယံပါဝင်ရာ စုစုပေါင်း ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိလာမည်ဖြစ်သည်။ ကယ်လီဖိုးနီးယားနှင့် နယူးယောက် စသည့် ပြည်နယ်များက လျှော်ကြေးငွေ အများဆုံး ရရှိမည်ဖြစ်သည်။

ဩစတြေးလျနိုင်ငံက အသက် ၁၆ နှစ်အောက် လူငယ်များ Social Media သုံးစွဲမှုကို လုံးဝ ပိတ်ပင်သည့် ဥပဒေ ပြဋ္ဌာန်းထားသကဲ့သို့၊ ဥရောပသမဂ္ဂ (EU) ကလည်း နည်းပညာ ကုမ္ပဏီများ၏ အန္တရာယ်ရှိ စနစ်များကို တင်းကြပ်စွာ စောင့်ကြည့်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင်လည်း ကလေးသူငယ်များ မျက်နှာပြင်ကြည့်ချိန် အလွန်အမင်း များပြားနေခြင်းနှင့် လိုင်းပေါ်ရှိ အန္တရာယ်များကြောင့် အသက် ၁၆ နှစ်အောက် ကလေးများ သုံးစွဲခွင့်ကို ကန့်သတ်ရန် စတင်လေ့လာ စိစစ်လျက်ရှိသည်။

Source;TheNation