ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် မြန်မာနိုင်ငံသို့ သွားရောက်၍ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြစ်ရေညစ်ညမ်းမှု ဆွေးနွေးမည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်် (Sihasak Phuangketkeow) သည် မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခအခြေအနေများ၊ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ကြာသပတေးနေ့တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဝန်ကြီး စီဟာဆတ်သည် ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အဓိက ဆွေးနွေးမည့် အချက် (၄) ချက်

၁။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ: လာမည့် အာဆီယံ (ASEAN) အစည်းအဝေးများ မတိုင်မီ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် နောက်ဆုံးအခြေအနေများကို ထိုင်းဘက်မှ သုံးသပ်ရန်။

၂။ နယ်စပ်လုံခြုံရေးနှင့် ပဋိပက္ခများ: ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲများကြောင့် လေကြောင်းတိုက်ခိုက်မှုများနှင့် ကျည်စွယ်ကျည်စ အပိုင်းအစများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပျက်စီးမှုများအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို တင်ပြရန်။

၃။ နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး: နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ထားသော်လည်း မယ်စောက်-မြဝတီ လမ်းကြောင်းပေါ်ရှိ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် မြန်မာဘက်၏ သွင်းကုန်လိုင်စင် ထုတ်ပေးရေးဆိုင်ရာ တင်းကြပ်မှုများကြောင့် ကုန်သွယ်ရေးနှင့် ထိုင်းလုပ်ငန်းရှင်များ ထိခိုက်နေမှုများကို ဖြေရှင်းရန်။

၄။ မြစ်ရေညစ်ညမ်းမှု ကိစ္စရပ်များ: ထိုင်းနိုင်ငံဘက်သို့ စီးဆင်းနေသော ကော့မြစ် (Kok River) နှင့် ဆိုင်မြစ် (Sai River) အတွင်း သတ္တုတွင်းလုပ်ငန်းများမှ စွန့်ပစ်ရေများကြောင့် ရေထုညစ်ညမ်းမှု ပြဿနာ ပိုမိုဆိုးရွားလာနေခြင်းကို ဆွေးနွေးရန်။

မြန်မာစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဒေသများရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ထွက်လာသည့် စွန့်ပစ်ရေများကြောင့် ဆိုင်မြစ်ရေ၏ အရည်အသွေးမှာ သိသိသာသာ ညစ်ညမ်းပျက်စီးလာနေကြောင်း ထိုင်း သုတေသီများက စိစစ်တွေ့ရှိထားသည်။

Source;Bangkok Post