ဟိမဝန္တာ တောင်တန်းဒေသ၌ ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် ဒုတိယမြောက်နေ့တွင် သေဆုံးသူ အရေအတွက်မှာ ၁၆၈ ဦးအထိ မြင့်တက်လာခဲ့ပြီး နိုင်ငံခြားသား ၇၀၀ ကျော် အပါအဝင် လူပေါင်း ၁,၅၀၀ နီးပါး ပျောက်ဆုံးလျက်ရှိရာ၊ ကယ်ဆယ်ရေး သမားများက ရဟတ်ယာဉ်များ အသုံးပြု၍ အရေးပေါ် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ပေးနေရပါတယ်။
နီပေါ ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ နီပေါဘက်တွင် သေဆုံးသူ ၁၆၅ ဦးအထိ ရှိလာပြီး၊ တရုတ်နိုင်ငံ တိဘက်ဘက်တွင် ၃ ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၆၈ ဦး ရှိပြီဖြစ်သည်။
နီပေါဘက်တွင် နိုင်ငံခြားသား ၅၀၀ နီးပါး အပါအဝင် လူ ၈၂၆ ဦး ပျောက်ဆုံးနေပြီး၊ တိဘက် (Gyirong ခရိုင်) ဘက်တွင် နိုင်ငံခြားသား ၂၆၀ အပါအဝင် ၅၅၈ ဦး ပျောက်ဆုံးနေသည်။ ပျောက်ဆုံးနေသည့် ခရီးသွားများတွင် အိန္ဒိယ ၁၇၇ ဦး၊ အမေရိကန် ၆၃ ဦး၊ အော်စတြေးလျ ၃၄ ဦး၊ ဗြိတိန် ၃၃ ဦး၊ ကနေဒါ ၂၅ ဦးနှင့် မလေးရှား ၅၅ ဦးတို့ ပါဝင်သည်။
တိဘက်ရှိ Kailash တောင်နှင့် Manasarovar ကန်သို့ သွားရောက်သည့် ဘုရားဖူး ခရီးသွား အုပ်စုအများအပြား ပါဝင်နေပြီး၊ ဟိမဝန္တာ ခရီးသွား ကုမ္ပဏီတစ်ခု၏ အကြီးအကဲက အပျက်အစီး ပမာဏ လွန်စွာ ကြီးမားသဖြင့် ပျောက်ဆုံးနေသူများ အသက်ရှင်ကျန်ရစ်နိုင်ခြေ ၁ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း သုံးသပ်ထားသည်။
နီပေါ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်က ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ပေးပို့သော ရဟတ်ယာဉ်များဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ဒေသများသို့ စားနပ်ရိက္ခာနှင့် ရဲစခန်း တဲများကို လေကြောင်းမှတစ်ဆင့် ဖြန့်ဝေပေးလျက်ရှိသည်။ ဩဂုတ် ၂၇ ရက်တွင် နိုင်ငံခြားသား ၂၀ အပါအဝင် လူ ၁၂၅ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။
အမေရိကန် မြေတိုင်းစစ်ဆေးရေးအဖွဲ့ (USGS) ၏ အဆိုအရ သဘာဝငလျင် မဟုတ်ဘဲ ရေခဲနှင့် ကျောက်တုံးကြီးများ ပြိုကျမှုကြောင့် ပေါ်ထွက်လာသည့် တုန်ခါမှုအား ရေခဲတောင် မြေပြိုမှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ Rasuwagadhi နယ်စပ်အနီး Lhende မြစ်အတွင်းသို့ မြေပြိုကျရာမှ ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမေရိကန် အစိုးရက ဒေါ်လာ ၅၀,၀၀၀ ကူညီပေးမည်ဟု ကြေညာထားပြီး၊ ကုလသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့ကလည်း အရေးပေါ် ကူညီရေးအဖွဲ့များ စေလွှတ်လျက်ရှိသည်။
Source;The Nation
နီပေါ-တိဘက် ရေကြီးမှုတွင် သေဆုံးသူ ၁၇၀ နီးပါး ရှိလာ၊ နိုင်ငံခြားသား ၇၀၀ အပါအဝင် ၁,၅၀၀ နီးပါး ပျောက်ဆုံးနေဆဲ
