ထိုင်းနိုင်ငံ၊ ချာချင်ဆောင် မြို့နယ်ရှိ စက္ကူစက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် တရားဝင် အထောက်အထားကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ၅၉ ဦးမှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ပယ်ခံခဲ့ရသဖြင့် ထိုင်းအလုပ်သမားဥပဒေအတိုင်း နစ်နာကြေး ရရှိနိုင်ရေးအတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စက္ကူစက်ရုံတွင် CI၊ PJ နှင့် ဘတ် (Work Permit) စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၃၄ ဦး (စုစုပေါင်း ၅၉ ဦး) လုပ်ကိုင်နေကြပြီး၊စက်ရုံသက်တမ်းမှာ ၆ လမှ ၁ နှစ်ကျော်အထိ ရှိပြီဖြစ်သည်။
အလုပ်သမားများသည် အဆိုပါ စက်ရုံသို့ အလုပ်ဝင်ရောက်နိုင်ရန်အတွက် ပွဲစားအား စမတ်ကြေး ၁ ဦးလျှင် ဘတ် ၇,၅၀၀ နှင့် ကျန့်ခေါက်ခ ဘတ် ၃,၅၀၀ အထိ ကုန်ကျခံ၍ လာရောက်လုပ်ကိုင်ခဲ့ကြရခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက် နံနက် ၈:၀၀ နာရီအချိန်တွင် စက်ရုံတာဝန်ရှိသူများက အလုပ်သမားများအား ကြိုတင်အကြောင်းကြားစာ (Notice) တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ ရုတ်တရက် အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ကြိုတင်အကြောင်းမကြားဘဲ မတရားအလုပ်ထုတ်ပယ်ခံရမှုအတွက် ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအတိုင်း ထိုက်သင့်သည့် နစ်နာကြေးနှင့် ရပိုင်ခွင့်များ ရရှိစေရန် WAG အလုပ်သမား မဟာမိတ်အဖွဲ့က ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် ညနေ ၆:၃၀ နာရီတွင် အမှုကို စတင်လက်ခံကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင််းသိရပါသည်။
Source;WAG
