နီပေါနှင့် တရုတ် (တိဘက်) နယ်စပ်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် ရေကန်သစ် (Barrier Lake) တစ်ခု စတင်ဖြစ်ပေါ်လာပြီး အဆိုပါ သဘာဝရေတမံ ကျိုးပေါက်ပါက အောက်ဘက်ဒေသများသို့ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ အပြင်းအထန် ဖြစ်ပွားနိုင်သဖြင့် တရုတ်နှင့် နီပေါအစိုးရတို့က အရေးပေါ် စောင့်ကြည့်အကဲဖြတ်လျက် ရှိပါတယ်ဗျာ။
နီပေါနိုင်ငံ၏ Koshi မြစ်နှင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Purangpo (Sangpo) မြစ်တို့ ဆုံရာ နယ်စပ်အနီးတွင် ရေကြီးရေလျှံမှုများမှတစ်ဆင့် ရေကန်သစ်တစ်ခု အလျင်အမြန် စုဖွဲ့ဖြစ်ပေါ်လာခဲ့သည်။
တရုတ် ရေအရင်းအမြစ် ဝန်ကြီးဌာန၏ ကွန်ပျူတာ ပုံရိပ်ယောင် ဆန်းစစ်ချက်များအရ မိုးဆက်လက်ရွာသွန်းပါက နောက် ၃ ရက်အတွင်း အဆိုပါ ရေကန်၏ ရေပမာဏသည် ကုဗမီတာ ၃ သန်းခန့် (အိုလံပစ် ရေကူးကန်ပေါင်း ၁,၂၀၀ ခန့်နှင့် ညီမျှသော ရေပမာဏ) အထိ တိုးပွားလာနိုင်ပြီး သဘာဝရေတမံ ကျိုးပေါက်ကာ အောက်ဘက်သို့ ရေလှိုင်းကြီးများ ဒလဟော စီးဆင်းသွားနိုင်ကြောင်း သတိပေးထားသည်။
အကယ်၍ ရေတမံ ကျိုးပေါက်ပါက နီပေါ-တရုတ် နယ်စပ်ရှိ အဓိက စစ်ဆေးရေးဂိတ်ဖြစ်သော ဂျီလုံ (Jilong/Gyirong) စစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင် ဒေသများသို့ ကြီးမားသော ထိခိုက်ပျက်စီးမှုများ ထပ်မံဖြစ်ပေါ်စေနိုင်သည်။
တရုတ် ရေအရင်းအမြစ် ဝန်ကြီးဌာနနှင့် တိဘက်အခြေစိုက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များသည် ဂျီလုံ စစ်ဆေးရေးဂိတ်အနီးရှိ ရေကြီးမှု အန္တရာယ်များကို ၂၄ နာရီပတ်လုံး အကဲဖြတ်လျက်ရှိပြီး၊ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်များကိုလည်း ပြင်ဆင်ထားသည်။
အဆိုပါ ဒေသ၌ လတ်တလော ပျောက်ဆုံးနေသူများကို ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ရေကန်သစ်ကြောင့် ကယ်ဆယ်ရေးသမားများပါ အန္တရာယ်ရှိလာနိုင်သဖြင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးနှင့် ရေထွက်ပေါက်များ ပြုလုပ်နိုင်ရေးကို အမြန်ဆုံး သွားရောက် ဆောင်ရွက်နေကြရသည်။
Source;Thairath
