ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ (Bang Lamung မြို့နယ်) ၌ မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သော Ketamine ရောနှောထားသည့် လျှပ်စစ်စီးကရက် (Pod K) တရားမဝင် ရောင်းချနေသည့် ထိုင်း-ဥရောပ ကပြားအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဟန်ဆောင်ဝယ်ယူကာ ဩဂုတ် ၂၆ ရက်နေ့က ဖမ်းဆီးအရေးယူလိုက်ပါတယ်ဗျာ။
နာကလူးအာ (Na Kluea) ဒေသ၊ Soi Na Kluea 8 နှင့် နှစ် ၁၀၀ သက်တမ်းရှိ ဈေးအနီးတွင် လူငယ်များအကြား Pod K ရောင်းချနေကြောင်း ဒေသခံလူငယ်များ၏ သတင်းပေးပို့ချက်အရ ဘန်လာမုန်း (Bang Lamung) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စောင့်ကြည့်ခဲ့သည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူအား Soi Phothisan ရှိ အခန်းငှားတစ်ခုရှေ့သို့ ချိန်းဆိုကာ အရပ်ဝတ်ရဲအရာရှိတစ်ဦးကို စိစစ်ဝယ်ယူခိုင်းခဲ့သည်။ အဆိုပါ ထိုင်း-ဥရောပ ကပြားက ဘတ် ၁,၅၀၀ ဖြင့် မူးယစ်ဆေးပါဝင်သော Pod K ကို လွှဲပြောင်းပေးချိန်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သံသယရှိသူ၏ အခန်းငှားအတွင်းရှိ ဘီရိုအံဆွဲထဲမှ “Mango” ဟု စာတမ်းပါရှိသော အဝါရင့်ရောင် ပါကင်များဖြင့် ထုပ်ပိုးထားသည့် Ketamine ပါဝင်သော Pod ၁၀ ခု၊ Ketamine ဆေးရည်၊ Ketamine အမှုန့် ၀.၅၁ ဂရမ်နှင့် သုံးစွဲပြီးသား Pod အခွံ ၇ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။
သံသယရှိသူက အဆိုပါ မူးယစ်ဆေးများကို ကိုယ်တိုင်လည်း သုံးစွဲပြီး တရားမဝင် ရောင်းချနေကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းအား စီးပွားဖြစ် မူးယစ်ဆေးဝါး (Category 2) တရားမဝင် ရောင်းချရန် ကြံစည်မှု၊ ရောင်းချမှုနှင့် Ketamine ကို လက်ဝယ်တရားမဝင် ပိုင်ဆိုင်မှုတို့ဖြင့် တရားစွဲဆို အရေးယူထားသည်။
Source;Thaiger
