ကျေးလက် စိုက်ပျိုးရေး စခန်းများသို့ ပို့ပြီး ပင်ပန်းဆင်းရဲမှု သင်ခန်းစာပေးသည့် တရုတ်မိဘများ၏ ခေတ်ရေစီးကြောင်း ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်

တရုတ်နိုင်ငံတွင် ပူပြင်းသည့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း မြို့ပြကြီးများမှ ကလေးငယ်များကို ကျေးလက်ဒေသ စိုက်ပျိုးရေး စခန်းများသို့ ပို့ဆောင်ကာ အာလူးတူးခြင်း၊ ဝက်အစာကျွေးခြင်းနှင့် သစ်ခေါက်နွှာခြင်း စသည့် ပင်ပန်းသည့် လယ်ယာလုပ်ငန်းခွင်များ၌ ခိုင်းစေသည့် အပန်းဖြေစခန်းများ ရေပန်းစားလျက် ရှိပါတယ်ဗျာ။

၁၀ ရက်စာ သင်တန်းအတွက် ယွမ် ၄,၀၀၀ ကျော် (ကန်ဒေါ်လာ ၆၀၀ ခန့်) ကုန်ကျပြီး တစ်လစာ သင်တန်းအတွက် ယွမ် ၁၀,၀၀၀ ကျော်အထိ ကုန်ကျသည်။ အဆိုပါ စခန်းများကို ရာသီဥတု အေးမြသည့် ဆီချို့၊ ဂွိုင်ဇူးနှင့် ယူနန် စသည့် တရုတ်အနောက်တောင်ပိုင်း ဒေသများတွင် အဓိက ဖွင့်လှစ်ထားသည်။

ရောက်သည်နှင့် ဖုန်းများကို သိမ်းဆည်းထားပြီး လုပ်ငန်းပြီးစီးမှုပေါ် မူတည်၍ ရိက္ခာ ခွဲဝေပေးသည်။ သတ်မှတ်ထားသည့် အလုပ်မပြီးပါက အာလူးသီးသန့်သာ စားသုံးရသည်။

ကလေးငယ်များသည် အာလူးတူးပြီး လမ်းဘေးတွင် ပြန်လည်ရောင်းချရသည့်အပြင် စခန်းတွင်း သန့်ရှင်းရေးနှင့် နေရာထိုင်ခင်းများကိုလည်း ကိုယ်တိုင် ပြင်ဆင်ကြရသည်။

စခန်းတွင်းရှိ ကလေးငယ်များ ငိုယိုကာ အိမ်ပြန်ချင်ကြောင်း တောင်းပန်နေကြသည့် ဗီဒီယိုများ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိသည်။ ကလေးတစ်ဦးက လယ်ယာမစိုက်ရလျှင် ကျောင်းစာများကို အကုန်လုပ်ပါမည်ဟု ငိုယိုပြောဆိုခဲ့သည်။

စခန်းတာဝန်ရှိသူများက ကလေးများ လုပ်အား၏ တန်ဖိုးကို သိရှိရန်ဖြစ်ပြီး အသက်အရွယ်နှင့် လိုက်ဖက်သည့် အလုပ်များကိုသာ ခိုင်းစေခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုသည်။ မိဘအချို့ကလည်း ကလေးများ အခက်အခဲကို ရင်ဆိုင်တတ်စေရန်နှင့် အလိုလိုက်ခံထားရသည့် အကျင့် ပျောက်စေရန် သဘောကျကြသည်။

လယ်ယာလုပ်ငန်းခွင် အတွေ့အကြုံမရှိသည့် မြို့ပြကလေးများအတွက် လေးလံလွန်းသည့် လုပ်အားပေးခိုင်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝေဖန်ထောက်ပြနေကြသည်။

Source;Thaiger