ဖူးခက်တွင် ဆံပင်ညှပ်ခ အပိုတောင်းရာမှ ဂျော်ဒန် ခရီးသွားနှင့် ဆံပင်ညှပ်ဆရာ ခိုက်ရန်ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ပတောင်း (Patong) ဒေသရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် အပိုဝန်ဆောင်မှုစရိတ် တောင်းခံခြင်းနှင့် ပတ်သက်၍ အငြင်းပွားရာမှ ဂျော်ဒန်နိုင်ငံသား ခရီးသွားတစ်ဦးနှင့် ဆံပင်ညှပ်ဆိုင် ဝန်ထမ်းတို့ လုံးထွေးသတ်ပုဒ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်ဗျာ။

ဩဂုတ် ၃၁ ရက်နေ့က ပတောင်းမြို့ Bangla လမ်းအဆုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစောပိုင်း သဘောတူညီချက်အရ ဆံပင်ညှပ်ခ ဘတ် ၇၀၀ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြား ဆံပင်ပြုပြင်မှု ဝန်ဆောင်မှုများ ထပ်မံပြုလုပ်ခဲ့သဖြင့် အပိုစရိတ် ကျသင့်ခဲ့သည်။

ဝန်ဆောင်မှု ပြီးစီးချိန်တွင် ဂျော်ဒန် ခရီးသွားက မူလ ဘတ် ၇၀၀ သာ ပေးချေပြီး ဆိုင်ပြင်သို့ ထွက်ခွာရန် ကြိုးပမ်းခဲ့ရာ ဝန်ထမ်းဖြစ်သူက လိုက်လံတောင်းခံရာမှ အချင်းချင်း ရိုက်နှက်လုံးထွေးခဲ့ကြခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း ဝန်ထမ်းဖြစ်သူ၏ မျက်မှန် ပျက်စီးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ် ဗီဒီယို ပျံ့နှံ့စဉ်က အဆိုပါ ခရီးသွားအား အစ္စရေးနိုင်ငံသားဟု ဆိုရှယ်မီဒီယာများတွင် မှားယွင်းစွာ ဖော်ပြခဲ့ကြသည်။

ပတောင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နှစ်ဦးလုံးကို ခေါ်ယူစစ်ဆေး ညှိနှိုင်းပေးခဲ့သည်။ နောက်ဆုံးတွင် ဂျော်ဒန် ခရီးသွားက ပျက်စီးသွားသော ဝန်ထမ်း၏ မျက်မှန်အတွက် လျှော်ကြေးပေးလျော်ရန် သဘောတူညီခဲ့သဖြင့် အမှုမဖွင့်ဘဲ နှစ်ဦးနှစ်ဖက် ပြေလည်စွာ ပြီးဆုံးသွားခဲ့သည်။

Source;Thaiger