ထိုင်းနိုင်ငံ၊ ကြေးနားပူရီ (Kanchanaburi) ခရိုင်တွင် မလေးရှားသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၈ ဦးတင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို လမ်းမကြီးရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ရာ ကားမောင်းသူမှာ ယာဉ်ကို ပစ်ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
ကြေးနားပူရီ လမ်းမကြီး ရဲတပ်ဖွဲ့သည် ကင်းလှည့်နေစဉ် အရှိန်ပြင်းစွာ မောင်းနှင်နေသော သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရန် လိုက်လံတားဆီးခဲ့သည်။
ကားမောင်းသူသည် ရဲတပ်ဖွဲ့ကို တွေ့ရှိသောအခါ အရှိန်မြှင့် ထွက်ပြေးခဲ့ပြီး နောင်းဘူအာ (Nong Bua) ရပ်ကွက်ရှိ ရွာလမ်းအတွင်းသို့ မောင်းဝင်ကာ ကားကို ပစ်ထားခဲ့ပြီး လမ်းဘေးသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ကားပေါ်ပါလာသည့် မြန်မာအချို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။ ကားနောက်ဖုံးတွင် အနက်ရောင် စလင်းစကရင် (Slan) ဖြင့် ဖုံးအုပ်ထားသည့် အပိုင်းမှလည်း ဝပ်စုံနေသော မြန်မာလုပ်သားများကို ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း မြန်မာနိုင်ငံသား ၁၈ ဦး (၁၇ ဦးမှာ တရားဝင် အထောက်အထားမရှိ၊ ၁ ဦးမှာ အသက် ၁၆ နှစ်အရွယ် ကလေးသူငယ်) ကို တွေ့ရှိခဲ့သည်။
စကားပြန်မှတစ်ဆင့် မေးမြန်းရာတွင် အဆိုပါ လုပ်သားများသည် စံခလပူရီ (Sangkhlaburi) သဘာဝနယ်စပ်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၂ နာရီမှ ၃ နာရီခန့် စက်လှေစီးခဲ့ရကြောင်း၊ ထို့နောက် အမှတ် ၃၂၃ လမ်းမကြီးပေါ်တွင် ကားစီး၍ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်ထွက်ခွာလာခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။
မလေးရှားသို့ သွားရောက်ရန်အတွက် ပွဲစားဖြစ်သူအား တစ်ဦးလျှင် ဘတ် ၇၀,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း အတည်ပြုပြောဆိုသည်။
ရဲတပ်ဖွဲ့က ပလိတ်ပြား အတုတပ်ဆင်ထားသည့် ပစ်ကပ်ကားကို သိမ်းဆည်းခဲ့ပြီး၊ အထောက်အထားမဲ့ မြန်မာ ၁၇ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ကြေးနားပူရီ မြို့မရဲစခန်းသို့ ပို့ဆောင်ကာ ထွက်ပြေးလွတ်မြောက်နေသူ ကားမောင်းသူအား ဆက်လက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Source;ตำรวจทางหลวง
