(၂၀၂၆) ခုနှစ် ထိုင်းနိုင်ငံ, ပတ္တယား Wisdom Valley တွင် Tomorrowland ပွဲကျင်းပမည်ဟု အတည်ပြုပြောကြား

ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန(The Tourism and Sports minister )က ကမ္ဘာ့အဆင့်မီဂီတပွဲတော်ဖြစ်တဲ့ Tomorrowland ကို Pattaya ရှိ Wisdom Valley မှာ ကျင်းပသွားမှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါသည်။ ဒီပွဲတော်ကို ငါးနှစ်စာချုပ်နဲ့ ကျင်းပမှာဖြစ်ပြီး နိုင်ငံအတွက် ဘတ်ငွေ ၂၁ ဘီလီယံ ရရှိစေမယ်လို့ မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ဟောင်း Srettha Thavisin ဟာ ဘယ်လ်ဂျီယံနိုင်ငံက နာမည်ကျော် ဂီတပွဲတော်ဖြစ်တဲ့ Tomorrowland ကို စီစဉ်သူများနဲ့ ညစာစားပြီးနောက် ထိုင်းနိုင်ငံမှာ ၁၀ နှစ်ဆက်တိုက် လက်ခံကျင်းပသွားဖို့ ရည်ရွယ်ချက်ကို ကြေညာခဲ့တုန်းက ထိုင်း EDM ပရိသတ်တွေကြားမှာ မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ပါတယ်။

Srettha က ပွဲတော်ကို ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကို အတိအကျမပြောခဲ့ပေမယ့် အချို့အရာရှိတွေကတော့ ၂၀၂၆ ခုနှစ်မှာ Chon Buri ခရိုင်မှာ ဖြစ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ Tomorrowland ရဲ့ ပြောရေးဆိုခွင့်ရှိသူ Debby Wilmsen က စီစဉ်သူတွေအနေနဲ့ ထိုင်းအစိုးရနဲ့ တရားဝင်စာချုပ် မချုပ်ဆိုရသေးဘူးလို့ ပြောကြားလိုက်တဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အစပိုင်းမှာ အစိုးရဟာ EDM ပရိသတ်တွေနဲ့ ခရီးသွားလုပ်ငန်းတွေကို မှားယွင်းတဲ့ မျှော်လင့်ချက်တွေပေးနေတယ်လို့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရကလည်း အဲဒီအချိန်မှာ တရားဝင်သဘောတူညီမှု မရှိသေးဘူးလို့ ဝန်ခံခဲ့ပြီး တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဇူလိုင်လမှာတော့ ထိုင်းနိုင်ငံ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) ရဲ့ အုပ်ချုပ်ရေးမှူး Thapanee က ဒီပွဲတော်ဟာ ၂၀၂၆ ခုနှစ်မှာ Chon Buri မှာ ကျင်းပဖို့ သေချာပေါက်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ကျင်းပမယ့်နေရာကို အတိအကျဆုံးဖြတ်ရသေးကြောင်း  မှတ်ချက်ပေးခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့မှာတော့ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Sorawong Thienthong က ထပ်မံအတည်ပြုခဲ့ပြီး ပွဲကျင်းပမယ့်နေရာကို Pattaya ရဲ့ Khao Mai Kaew ဒေသမှာတည်ရှိတဲ့ Wisdom Valley အဖြစ် တရားဝင်အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

သို့သော်လည်း ပွဲတော်အတွက် အစိုးရရဲ့ ဘတ် ၁.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအပေါ် အငြင်းပွားမှုအသစ်တွေ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ တချို့ဝေဖန်သူတွေက အဲဒီဘတ်ဂျက်ကို မကြာသေးခင်က နယ်စပ်တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်သည်တွေနဲ့ အရပ်သားတွေရဲ့ မိသားစုတွေကို ကူညီထောက်ပံ့ရာမှာ အသုံးပြုသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Sorawong ကတော့ ပွဲတော်အတွက် ရန်ပုံငွေဟာ သီးခြားဘတ်ဂျက်ကနေ လာတာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပဋိပက္ခကြောင့် ထိခိုက်နစ်နာသူတွေကို အစိုးရက သင့်တော်တဲ့လျော်ကြေးနဲ့ အထောက်အပံ့တွေ ပေးအပ်သွားမှာဖြစ်ကြောင်း ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

TAT အုပ်ချုပ်ရေးမှူး Thapanee ကလည်း Tomorrowland ပွဲတော်ကို ပုဂ္ဂလိကကဏ္ဍက အဓိကအားဖြင့် ရန်ပုံငွေထောက်ပံ့မှာဖြစ်ပြီး အစိုးရကတော့ ထိုင်းနိုင်ငံအနေနဲ့ ဒီပွဲတော်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ထိရောက်စွာ လက်ခံကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့အထောက်အပံ့တွေကိုသာ ပေးအပ်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုဟာ တန်ဖိုးရှိကြောင်း ပြောကြားခဲ့ပြီး လက်ရှိသဘောတူညီချက်အရ ပွဲတော်ကို ၂၀၂၆ ခုနှစ်မှ ၂၀၃၀ အထိ ကျင်းပသွားမှာဖြစ်ကာ ငါးနှစ်အတွင်း လာရောက်လည်ပတ်သူ တစ်သန်းခန့်ကို ဆွဲဆောင်နိုင်ပြီး နိုင်ငံအတွက် ဘတ်ငွေ ၂၁ ဘီလီယံကျော် ဝင်ငွေရရှိစေမယ်လို့ မျှော်လင့်ထားထပ်မံပြောကြားခဲ့ပါတ​ယ်။

ပွဲတော်ပရိသတ်တွေကတော့ လက်မှတ်ရောင်းချမယ့်ရက်စွဲတွေနဲ့ တရားဝင်ပွဲတော်အချိန်ဇယားအပါအဝင် အသေးစိတ်အချက်အလက်တွေကို ဆက်လက်စောင့်ဆိုင်းနေကြပါတယ်။