အယုဒ္ဓယရှိ တော်ဝင်ကျောင်းထိုင်ဆရာတော် အလှူငွေ ဘတ် ၉၂ သန်းကျော်အား အမျိုးသမီးထံ လွှဲပြောင်းပေးမှုဖြင့် ဖမ်းဆီးခံရ

အယုဒ္ဓယ (Ayutthaya) ခရိုင်ရှိ ထင်ရှားသည့် ဖုထိုင်းဆဝမ် (Phutthaisawan) တော်ဝင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် ကျောင်းတိုက်ပိုင် အလှူငွေ ဘတ် ၉၂ သန်းကျော်အား အသုံးချ၍ ဖောက်ပြန်သူ အမျိုးသမီးထံ လွှဲပြောင်းပေးခဲ့သည့် စွပ်စွဲချက်ဖြင့် စက်တင်ဘာ ၁၀ ရက် ယနေ့နံနက်အစောပိုင်းက ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

သက်တော် ၆၆ နှစ်အရွယ် ဖုထိုင်းဆဝမ်ကျောင်းတိုင်ဆရာတော် ဖရာ ဝိချိရာယန်ဝီ (Phra Wachirayan Wi / လွမ်ဖို အာတီချော့) အား ယနေ့နံနက် ၆ နာရီခန့်တွင် CSD မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောင်းတိုက်အတွင်း စီးနင်းဖမ်းဆီးခဲ့သည်။

ဆရာတော်အား သာသနာ့ပိုင် ပစ္စည်းများအား မသမာသောနည်းဖြင့် အလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းအဖြစ် အာဏာကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု စသည့် အာမခံမရနိုင်သော ပုဒ်မများစွာဖြင့် တရားစွဲဆိုထားသည်။

ဆရာတော်နှင့် တရားမဝင် ပတ်သက်နေသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်ပွန်ယာဝီ (Punyawee) ဆိုသူ အမျိုးသမီးကိုလည်း ယနေ့တွင်ပင် ပူးတွဲဖမ်းဆီးခဲ့ပြီး၊ သာသနာ့ဝန်ထမ်း၏ အလွဲသုံးစားပြုမှုကို အားပေးကူညီမှု၊ ငွေကြေးခဝါချမှု ပုဒ်မများဖြင့် အရေးယူထားသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း မသင်္ကာဖွယ် အလှူငွေလက်မှတ် ၂၀ ကျော် ထုတ်ပေးထားပြီး စုစုပေါင်း ဘတ် ၉၂ သန်းကျော် အလွဲသုံးစားပြုကာ အမျိုးသမီး၏ ဘဏ်စာရင်းထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ဆရာတော်၏ သံဃာ့ကျောင်းဆောင်အား ဝင်ရောက်စီးနင်းစဉ် CCTV မှတ်တမ်းများကို စိစစ်ရာ ဆရာတော်နှင့် အဆိုပါ အမျိုးသမီးတို့ ကျောင်းဆောင်အတွင်း ရင်းနှီးကျွမ်းဝင်စွာ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်နေသည့် မှတ်တမ်းများကို ရဲတပ်ဖွဲ့က သက်သေအဖြစ် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဆရာတော်သည် ထိုင်းရှေးဟောင်း ရင်းနှီးမြှုပ်နှံသူများကြားတွင် အလွန်ရေပန်းစားသည့် “Nuea Duang” ဗုဒ္ဓရုပ်ပွားတော် ဆုတံဆိပ်များ ထုတ်လုပ်ပေးခြင်းဖြင့်လည်း ထင်ရှားသူဖြစ်သည်။ လက်ရှိတွင် တရားခံနှစ်ဦးစလုံးအား CSD ဌာနချုပ်သို့ ခေါ်ဆောင်ကာ အသေးစိတ် စစ်ဆေးမေးမြန်းလျက် ရှိသည်။

Source;Thaiger