ပြည်ထဲရေးဌာနမှ အရာရှိများသည် ပက်ထုံဌာနီမြို့ရှိ လူစည်းကားသော ဘားတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဘားသို့လာရောက်သူ ၁၇၃ ဦး မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။
စစ်ဆင်ရေးပြုလုပ်သော ည (၁၂:၄၅) နာရီတွင် ပြည်ထဲရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ နီရတ် ပေါင်စစ်ထဝေါန် (Nirat Pongsitthaworn) က “ZERO DRUG” စစ်ဆင်ရေး စတင်ရန် အမိန့်ပေးခဲ့သည်။ ပြည်ထဲရေးဌာနမှ အရာရှိ ၈၀ ဦးပါဝင်သော အထူးအဖွဲ့သည် ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ပက်ထုံဌာနီမြို့၊ သန်ရာဘူရီခရိုင်၊ ရန်ဆစ်-နာခွန် နယော (၂၁) လမ်းရှိ Skin Pub ကို ဝင်ရောက်စီးနင်းခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေရာတွင် တရားမဝင် မူးယစ်ဆေးဝါးများ သုံးစွဲခွင့်ပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ Damrongdhama စင်တာမှတစ်ဆင့် ပြည်သူလူထု၏ တိုင်ကြားချက်များကြောင့် ဤစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အရာရှိများ ရောက်ရှိလာချိန်တွင် ဘားသို့ လာရောက်သူ (၃၈၀) ကျော်သည် အရက်သောက်ခြင်းနှင့် ကခုန်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။ အဖွဲ့သည် ချက်ချင်းဆိုသလို အဆိုပါနေရာကို ထိန်းချုပ်ကာ သီချင်းများကို ရပ်တန့်စေပြီး မီးများဖွင့်လိုက်သောကြောင့် ဖျော်ဖြေရေးလာရောက်သူအများအပြား မူးယစ်ဆေးဝါးများ ဖျောက်ဖျက်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အရာရှိများက ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားပြီးဖြစ်၍ မည်သူမျှ ထွက်ပြေးနိုင်ခြင်းမရှိခဲ့ကြောင်းသိရှိရပါတယ်။

ထပ်မံစစ်ဆေးမှုများအရ အဆိုပါဆိုင်သည် လိုင်စင်မရှိဘဲ တရားမဝင် လည်ပတ်နေကြောင်း တွေ့ရှိရသည်။ အသက်အငယ်ဆုံး ၁၇ နှစ်အရွယ်ရှိသူ အပါအဝင် အသက်မပြည့်သေးသူ ၇ ဦးကိုလည်း တွေ့ရှိခဲ့ပြီး ဆိုင်မန်နေဂျာသည် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် ဖြန့်ဖြူးရန် ရည်ရွယ်ချက်တို့အတွက် ရာဇဝတ်မှုမှတ်တမ်းဟောင်း ရှိသူဖြစ်သည်။ ထို့ပြင် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကက်တမင်းနှင့် မက်သာအဖက်တမင်း အပါအဝင် အမျိုးမျိုးသော မူးယစ်ဆေးဝါးများကိုလည်း အရာရှိများက ရှာဖွေတွေ့ရှိခဲ့သည်။
လာရောက်သူအားလုံးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အမျိုးသား၊ အမျိုးသမီး ၁၇၃ ဦး မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း အဖြေထွက်ခဲ့ပြီး ၎င်းတို့အား ကုသမှုနှင့် ဥပဒေအရ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဆိုင်မန်နေဂျာကို ဖမ်းဆီးခဲ့ပြီး ပြစ်မှုလေးခုဖြင့် တရားစွဲဆိုထားသည်-
- လိုင်စင်မဲ့ လုပ်ငန်းလည်ပတ်ခြင်း၊
- သတ်မှတ်ထားသော အချိန်နောက်ပိုင်းတွင် အရက်ရောင်းချခြင်း၊
- အသက် ၂၀ နှစ်အောက် လူငယ်များကို အရက်ရောင်းချခြင်း၊
- အရွယ်မရောက်သေးသူများအကြား မသင့်လျော်သောအပြုအမူများကို အားပေးအားမြှောက်ပြုခြင်း တို့ဖြစ်သည်။
ထို့အပြင် ဆိုင်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းကို တားဆီးနိုင်ခြင်းမရှိသည့်အတွက် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ၏ ညွှန်ကြားချက်ကို ချိုးဖောက်ရာရောက်သည်ဟု သတ်မှတ်ကာ အဆိုပါဆိုင်ကို ငါးနှစ်ကြာ ပိတ်သိမ်းရန် ပက်ထုံဌာနီမြို့တော်ဝန်ထံ အကြံပြုထားကြောင်း သတင်းရရှိပါသည်။
Source: The Nation Thailand