ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ (Pattaya) ရှိ နာမည်ကျော် ဖျော်ဖြေရေးဇုန်တစ်ခုအနီးတွင် လမ်းပိတ်ရပ်ထားသည့် ဆိုင်ကယ်များကို ရွှေ့ခိုင်းရာမှတစ်ဆင့် အချင်းများကာ ထိုင်းမော်တော်ဆိုင်ကယ်ကယ်ရီသမား (Motorsai) တစ်ဦးကို နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် ၂ ဦးက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၃ ရက် စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ် ကယ်ရီသမား မစ္စတာ ဆူမက် (Sumet Kaeoduangsaeng) သည် စနေနေ့ည ၁၀ နာရီဝန်းကျင်တွင် Tree Town စျေးနှင့် ဖျော်ဖြေရေးစင်တာအနီး Soi Bua Khao လမ်း၌ အလုပ်လုပ်နေစဉ် နိုင်ငံခြားသားခရီးသည် ၂ ဦး၏ ဆိုင်ကယ်များက လမ်းပိတ်နေသဖြင့် ရွှေ့ပေးရန် ယဉ်ကျေးစွာ ပြောဆိုခဲ့သည်။ သို့သော် နိုင်ငံခြားသားများဘက်က မကျေမနပ်ဖြစ်ကာ ၎င်း၏မျက်နှာကို လက်သီးဖြင့် စတင်ထိုးကြိတ်ခဲ့သည်။
နိုင်ငံခြားသားများ ထွက်ခွာသွားစဉ် ကယ်ရီသမားက နောက်ကနေ လိုက်သွားရာ၊ ၎င်းတို့အနက် တစ်ဦးက ကျောပေါ်သို့ ခုန်တက်ကာ မျက်နှာကို ထပ်မံအတင်းထိုးကြိတ်ခဲ့ပြီး အခြားတစ်ဦးကလည်း လမ်းလယ်ခေါင်တွင် ဝိုင်းဝန်းအနိုင်ကျင့်ခဲ့သည်။ ထို့နောက် အနီးနားရှိ ထိုင်းမျက်မြင်သက်သေများက ဝင်ရောက်တားဆီးပေးခဲ့ကြသဖြင့် ရိုက်နှက်မှု ရပ်တန့်သွားခဲ့သည်။
ကယ်ရီသမား မစ္စတာ ဆူမက်တွင် ပါးစပ်စုတ်ပြဲ၊ မျက်ခုံးကွဲကာ ဒူးဆစ်နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က ပတ္တရားမြို့ပြဆေးရုံ (Pattaya City Hospital) သို့ ပို့ဆောင် ကုသပေးခဲ့ရသည်။ ၎င်းက ဆေးကုသမှု ခံယူပြီးနောက် ရဲစခန်းတွင် တရားဝင် အမှုဖွင့်တိုင်ကြားသွားမည်ဟု ဆိုသည်။
ပတ္တရား သို့မဟုတ် ဘန်ကောက်ကဲ့သို့ နိုင်ငံခြားသား စုံလင်လှသည့် အပန်းဖြေမြို့များတွင် ယခုကဲ့သို့ အရက်သေစာသောက်စားထားသည့် ကမ္ဘာလှည့်ခရီးသည်များနှင့် စကားများ ရန်ဖြစ်ရသည့် အခြေအနေမျိုး မကြာခဏ ရှိတတ်ပါတယ်။
Source;Bangkok Post
