ထိုင်းနိုင်ငံ၊ စူလာလွန်ကွန်း တက္ကသိုလ် (Chulalongkorn University) မှ သုတေသန ပညာရှင်များသည် ခွေးများ၏ ခန္ဓာကိုယ် အဆီဆဲလ် (Fat Tissue) များကို အင်ဆူလင် (Insulin) ထုတ်ပေးနိုင်သော ပန်ကရိယ ဆဲလ်များအဖြစ် အောင်မြင်စွာ ပြောင်းလဲဖန်တီးနိုင်ခဲ့ကြောင်း သိရပါတယ်ဗျာ။ အဆိုပါ နည်းပညာသည် အိမ်မွေးတိရစ္ဆာန်များ၏ ဆီးချိုရောဂါအား အပြီးတိုင် ကုသပေးနိုင်တော့မည်ဖြစ်သည်။
စူလာလွန်ကွန်း တက္ကသိုလ်၏ တိရစ္ဆာန် စတန်းမ်ဆဲလ်နှင့် ဇီဝအင်ဂျင်နီယာ သုတေသနဗဟိုဌာန (VSCBIC) က ၁၀ နှစ်ကျော်ကြာ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ခွေးနှင့် ကြောင် ၃၀၀ လျှင် ၁ ကောင်နှုန်း ဆီးချိုရောဂါ ခံစားနေရပြီး၊ ခွေးများ၏ ဆီးချိုမှာ လူများတွင် ဖြစ်ပွားသည့် Type 1 ဆီးချိုရောဂါကဲ့သို့ ပန်ကရိယမှ အင်ဆူလင် မထုတ်ပေးနိုင်သည့် ရောဂါဖြစ်သည်။
သုတေသနအဖွဲ့သည် အရိုးခြင်ဆီနှင့် ပါးစပ်အတွင်းရှိ တစ်ရှူးများထက် ခွေး၏ ခန္ဓာကိုယ် အဆီဆဲလ်များမှ စတန်းမ်ဆဲလ် (Stem Cells) ပမာဏ အဆ ၅၀၀ အထိ ပိုမို ရရှိနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် သားကြောဖြတ်သည့် ခွဲစိတ်မှုများတွင် လွယ်ကူစွာ ရရှိနိုင်သဖြင့် တိရစ္ဆာန်အတွက် အန္တရာယ် မရှိပေ။
ဓာတ်ခွဲခန်းအတွင်း ပြန်လည်ဆန်းသစ် ထုတ်လုပ်လိုက်သည့် ဆဲလ်များသည် ကျန်းမာသော ပန်ကရိယကဲ့သို့ အင်ဆူလင်ကို မက လူးကာဂွန် (Glucagon) ကိုပါ သဘာဝအတိုင်း ထုတ်ပေးနိုင်သည်ကို တွေ့ရှိရသည်။ တိရစ္ဆာန်များတွင် စမ်းသပ်မှုအရ သွေးတွင်း သကြားဓာတ်ကို လုံခြုံစိတ်ချစွာ လျှော့ချပေးနိုင်ခဲ့သည်။
လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ဆီးချိုရောဂါ ဖြစ်ပွားနေသည့် ခွေးများတွင် တရားဝင် စေတနာ့ဝန်ထမ်း စမ်းသပ်ကုသမှုများ (Clinical Trials) စတင်သွားမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ဈေးကွက်အတွင်း တရားဝင် ကုထုံးအဖြစ် ထုတ်လုပ်သွားမည် ဖြစ်သည်။
အဆိုပါ နည်းပညာသည် အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်များအတွက် မနက်/ည အင်ဆူလင် ဆေးထိုးပေးနေရသည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည် ဖြစ်ရုံမျှမက အနာဂတ်တွင် ကြောင်များနှင့် လူများ၏ ကျောက်ကပ်၊ အသည်းနှင့် မျက်စိ ရောဂါများကိုပါ ကုသပေးနိုင်ရေး ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။
Source;The Nation
