အယုဒ္ဓယခရိုင်၊ ဖုထိုင်းဆဝမ် (Wat Phutthaisawan) ကျောင်းထိုင်ဆရာတော်ဟောင်း Thid Choti၏ သာသနာ့ပိုင် ပစ္စည်းများ အလွဲသုံးစားပြုမှုအား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ဆက်လက် စုံစမ်းစစ်ဆေးရာမှ မသမာသောနည်းဖြင့် ရယူထားသည့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် သန်း ၂၉၀ ကျော် အထိ ထပ်မံ တိုးတက်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ကျောင်းထိုင်ဆရာတော်ဟောင်း ချိုတီ၏ ဘဏ်စာရင်းအတွင်း၌ပင် ဘတ် ၁၃၀ သန်းကျော် (၁၃၀,၀၀၀,၀၀၀) ထည့်သွင်းထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းထံမှ ဘတ် သန်း ၇၀ ကျော် တန်ဖိုးရှိသည့် ရွှေချောင်းများနှင့် တန်ဖိုးကြီး ဇိမ်ခံလက်ဝတ်နာရီများကို သိမ်းဆည်းရမိခဲ့သည်။ သစ်ချိုတီ၏ ဖောက်ပြန်သူ အမျိုးသမီး (စီကာမ) ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာတွင်လည်း ဘတ် သန်း ၁၀၀ နီးပါး တန်ဖိုးရှိသော ရွှေထည်နှင့် ငွေသားများကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
သစ်ချိုတီနှင့် ၎င်း၏ချစ်သူ အမျိုးသမီးတို့သည် ကျောင်းတိုက်မှ ခိုးယူထားသော ရွှေ၊ ငွေနှင့် အဖိုးတန် ပစ္စည်းများကို ပလတ်စတစ် ကော်ပုံး ၄ ပုံး အပြည့် သိုလှောင်ထားစဉ် ရဲတပ်ဖွဲ့က သက်သေအဖြစ် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
အမှုစတင် စစ်ဆေးချိန်က ကနဦး ဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် သန်း ၁၀၀ ဝန်းကျင်သာ ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း၊ CIB ၏ အသေးစိတ် ရှာဖွေစုံစမ်းမှုများကြောင့် လက်ရှိတွင် စုစုပေါင်း ဘတ် သန်း ၂၉၀ ကျော်အထိ သက်သေအထောက်အထားများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ တရားမဝင် ရရှိထားသည့် ပိုင်ဆိုင်မှုများအား ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေး ဥပဒေများအတိုင်း ဆက်လက် သိမ်းဆည်းသွားမည်ဖြစ်ပြီး၊ ပါဝင်ပတ်သက်သူ အခြားသူများ ရှိမရှိကိုလည်း တိုးချဲ့ စစ်ဆေးလျက် ရှိသည်။
Source;Thai Enquirer
