ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဆီရာချာ (Si Racha) မြို့နယ်ရှိ နာမည်ကြီး ကွန်ဒိုမီနီယံတစ်ခု၏ ၈ ထပ်ပေါ်မှ အသက် ၁၆ နှစ်အရွယ် မြန်မာကျောင်းသူတစ်ဦး ပြုတ်ကျခဲ့ပြီး ဆိုင်ကယ်ပေါ်သို့ ရိုက်မိကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်ဗျာ။
ဇူလိုင် ၂၀ ရက် ညနေ ၅:၃၀ နာရီခန့်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖြစ်စဉ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ ကွန်ဒိုဘေး မြေပြင်တွင် သတိလစ်မေ့မြောနေသည့် အသက် ၁၆ နှစ်အရွယ် မြန်မာကျောင်းသူ (နာမည်ကြီးကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသူ) ကို တွေ့ရှိခဲ့ရသည်။
ပြုတ်ကျစဉ် အောက်တွင် ရပ်ထားသည့် Honda Wave 110 စိုင်ကယ်ပေါ်သို့ ရိုက်မိခဲ့သဖြင့် ဘယ်ဘက်လက်မောင်း၊ ညာဘက်ခြေထောက် ကျိုးသွားသည့်အပြင် မျက်နှာတွင်လည်း ပွန်းပဲဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးပြီးနောက် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်အနီးရှိ သက်သေတစ်ဦး၏ ပြောကြားချက်အရ ကျောင်းသူသည် နီးကပ်လာသည့် စာမေးပွဲဖိအားနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် စိတ်ဓာတ်ကျ/စိတ်ဖိစီးနေကြောင်း ၎င်း၏ သူငယ်ချင်းများထံမှတစ်ဆင့် ကြားသိရသည်ဟု ထွက်ဆိုထားသည်။
လက်ရှိတွင် စီရာချာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးပြီး အနီးဝန်းကျင်ရှိ သက်သေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဒဏ်ရာရရှိသူ ကျောင်းသူ၏ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန် သေချာစွာ စာမေးစစ်ဆေးသွားမည် ဖြစ်သည်။
Source;Khaosod
