ဒွန်မောင်း၌ ဘတ် ၂ ဘီလီယံတန် ဆေးရုံဆောက်လှူသည့် ဆရာတော်၏ ငွေကြေးများမှာ ဒကာ/ဒကာမများ၏ အလှူငွေဖြစ်ကြောင်း ရှင်းလင်း

ဘန်ကောက်မြို့၊ ဒွန်မောင်း (Don Mueang) မြို့နယ်အတွင်း ဆေးရုံအသစ် ဆောက်လုပ်ရန်အတွက် ဘတ် ၂ ဘီလီယံ လှူဒါန်းခဲ့သည့် ဆရာတော် “လွန်းဖိုးနန်း” (Luang Pho Nen) ၏ အလှူငွေနှင့် ပတ်သက်၍ ပြည်သူများအကြား ငွေကြေးခဝါချမှုလောဟု သံသယဖြစ်ပွားနေစဉ်၊ အဆိုပါ ငွေကြေးများသည် ဆရာတော်၏ ကိုယ်ပိုင်ငွေ သို့မဟုတ် ကျောင်းတိုက်ပိုင်ငွေ မဟုတ်ဘဲ ဒကာ/ဒကာမများ၏ အလှူငွေဖြစ်ကြောင်း ဗုဒ္ဓဘာသာ သုတေသီ ဦးဘန်ဂျော့ (Banjob Bannaruji) က ရှင်းလင်းပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က စီရီဆူဒါရမ် (Wat Sri Sudaram Worawihan) ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် Phra Phrom Wachira Khunathan (လွန်းဖိုးနန်း) သည် ဒွန်မောင်းမြို့နယ်ရှိ သုမ်ဒက် ဖရာ မဟာရတ်ချာမန်ဂလချန် ဆေးရုံ (Somdet Phra Maha Ratchamangalacharn Hospital) ဒုတိယအဆင့် ဆောက်လုပ်ရေးအတွက် ဘတ် ၂ ဘီလီယံခန့် လှူဒါန်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ ဘတ် ၁,၉၉၉,၉၆၀,၀၀၀ ဘတ်ဂျက်ဖြင့် ၂၀၂၆ မှ ၂၀၃၀ အထိ အကောင်အထည်ဖော်မည့် ကုတင် ၂၀၀ ဆံ့ ၁၃ ထပ်မြင့် ဆေးရုံကြီး ဖြစ်သည်။

အယုဒ္ဓယမှ သစ်ချိုတီ၏ ဘတ် သန်း ၂၉၀ ကျော် သာသနာ့ပိုင် ပစ္စည်း အလွဲသုံးစားပြုမှု သတင်းနှင့် မရှေးမနှောင်း ဖြစ်ပေါ်လာသဖြင့် ပြည်သူအချို့က အဆိုပါ ရာဏန်းပေါင်းများစွာသော ငွေကြေးများ၏ ရင်းမြစ်ကို စိစစ်ရန်နှင့် ငွေကြေးခဝါချမှု ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့ကြသည်။

ဗုဒ္ဓဘာသာ သုတေသီ ဦးဘန်ဂျော့၏ ရှင်းလင်းချက်အရ အဆိုပါ ငွေကြေးများသည် ဆရာတော်၏ ကိုယ်ပိုင် ဘဏ်စာရင်း သို့မဟုတ် ကျောင်းတိုက်ပိုင် အလှူငွေများ မဟုတ်ဘဲ၊ ဆရာတော်အား ကြည်ညိုကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သူဌေးများက ဆရာတော်မှတစ်ဆင့် လှူဒါန်းကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆရာတော် လွန်းဖိုးနန်းသည် ယခင်ကလည်း ရတ်ချာပိဖတ် ဆေးရုံ (Ratchapiphat Hospital)၊ သက်ကြီးရွယ်အို ကျန်းမာရေးဗဟိုဌာနနှင့် အခြား ဆေးရုံများစွာကို ကြားခံအဖြစ် BMA အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူများအတွက် ကူညီလှူဒါန်းပေးခဲ့သူ ဖြစ်သည်။

Source;Thaiger