ချင်းရိုင်မြို့လယ် ရဲစခန်းရှေ့ လမ်းဆုံ၌ မြေကျွံတွင်းကြီးဖြစ်ပေါ်၊ ပြန်လည်ပြုပြင်မှု စံချိန်စံညွှန်းအပေါ် ဝေဖန်ခံနေရ

ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) ခရိုင်၊ မောင်း (Muang) မြို့နယ် ရဲစခန်းအရှေ့ရှိ လမ်းဆုံအလယ်တွင် မနေ့ညက ကွန်ကရစ်လမ်းမကြီး ပြိုကျကာ မြေကျွံတွင်းကြီး (Sinkhole) ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနများမှ အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ကနဦး စစ်ဆေးချက်များအရ အဆိုပါ မြေကျွံတွင်းမှာ အကျယ် ၃ မီတာမှ ၄ မီတာခန့်၊ အလျား ၅ မီတာမှ ၆ မီတာခန့် ရှိပြီး အနက် ၁.၅ မီတာမှ ၂ မီတာခန့်အထိ နက်ရှိုင်းကာ လမ်းတစ်ကြောလုံး နီးပါးကို ပိတ်ဆို့သွားခဲ့သည်။

ကွန်ကရစ်လမ်းမအောက်တွင် ပျက်စီးနေသော ကွန်ကရစ်တုံးများနှင့်အတူ မြေအောက် ရေပိုက်လိုင်းကြီးများနှင့် လျှပ်စစ်ကြိုးလိုင်းများ ပေါ်ထွက်နေသည်။

ကုန်ကားကြီးများနှင့် ယာဉ်ကြီးများ ဖြတ်သန်းပါက ထပ်မံ ပြိုကျနိုင်သဖြင့် တာဝန်ရှိသူများက အဆိုပါနေရာအား သံဇာတာတားများ၊ မီးထွန်းသတိပေးဆိုင်းဘုတ်များ တပ်ဆင်၍ လမ်းပိတ်ဆို့ထားသည်။

ချင်းရိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရေပေးဝေရေးဌာနနှင့် လျှပ်စစ်ဓာတ်အားပေးဌာနတို့ ပူးပေါင်း၍ ရေပိုက်ပေါက်ထွက်မှု၊ မြေအောက် ရေတိုက်စားမှု သို့မဟုတ် မြေဆီလွှာ ကျိန်းဆင်းမှုများ ကြောင့်လား ဆိုသည်ကို စိစစ်နေပြီး ရေရှည်ခိုင်ခံ့အောင် မြေကျစ်စနစ်ဖြင့် ပြန်လည် ဖို့ပေးသွားမည်ဖြစ်သည်။

အဆိုပါ နေရာသည် ယခင်ကလည်း ခဏခဏ မြေကျွံပြိုကျဖူးသည့် နေရာဖြစ်ပြီး၊ ယခင်ပြုပြင်မှုများတွင် မြေဆီလွှာကို စနစ်တကျ မဖိသိပ်ဘဲ ဒီအတိုင်း မြေဖို့ရုံသာ ပြုလုပ်ခဲ့သဖြင့် မိုးရေတိုက်စားကာ ယခုလို ထပ်မံ ဖြစ်ပွားရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ဝေဖန်နေကြသည်။

အဆိုပါ မကြာခဏ လမ်းပြိုကျမှုကြောင့် ဒေသတွင်း စီးပွားရေးနှင့် သွားလာရေးကို ထိခိုက်စေသဖြင့် စံချိန်စံညွှန်းမီ စနစ်တကျ ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။

Source;ThaiPBS