မူးယစ်ဆေးဝါးများကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ပတ်ခရက် (Pak Kret) ရှိ  နာမည်ကြီးဘားအား ပိတ်သိမ်း

နွန်ထဘူရီ (Nonthaburi) ခရိုင်၊ ပတ်ခရက် (Pak Kret) ရှိ နာမည်ကြီး ဘားတစ်ခုကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးပြီးနောက် ပိတ်သိမ်းလိုက်တယ်။ အဆိုပါစစ်ဆေးဖမ်းဆီးမှုအတွင်း တရားမဝင်မူးယစ်ဆေးဝါးများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရပြီး ဘားသို့လာရောက်သူ (၁၆)ဦးမှာလည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

တနင်္ဂနွေနေ့ နံနက် (၁) နာရီတွင် နွန်ထဘူရီ၏ လက်ထောက်အုပ်ချုပ်ရေးမှူး နတ်ထဒက် ခန်ဆူခွန် (Natthadet Kangsukol) ဦးဆောင်သည့် ရဲတပ်ဖွဲ့၊ ခရိုင်အရာရှိများနှင့် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တို့က စည်းကမ်းဖောက်ဖျက်ကာ ဖွင့်လှစ်နေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုကိုလည်း ခွင့်ပြုထားသည်ဟု သတင်းပေးပို့ချက်ကြောင့် အဆိုပါဘားနေရာကို စီးနင်းခဲ့ခြင်းဖြစ်သည်။ ဘန်မိုင် (Ban Mai) ရှိ Liap Khlong Prapa လမ်းပေါ်တွင် တည်ရှိသော အဆိုပါဘားနေရာသို့ အရာရှိများ ရောက်ရှိလာချိန်တွင် ဘားကိုလာရောက်သူ (၃၀၀) ခန့် ရှိနေသည်။

အရာရှိများသည် အဆောက်အဦအဝင်ဝရှိ လုံခြုံရေးဝန်ထမ်းများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့သည်။ ဘားသို့လာရောက်သူများသည် ရဲများဝင်ရောက်လာချိန်တွင် ထိတ်လန့်ကာ ပလပ်စတစ်ထုပ်များကို ကြမ်းပြင်ပေါ်သို့ သို့မဟုတ် ရေခဲပုံးများထဲသို့ ပစ်ချခဲ့ကြသည်။ အရာရှိများက မူးယစ်ဆေးဝါးများကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး ဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ (၁၆) ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် ခေါ်ဆောင်သွားခဲ့သည်။

ထို့ပြင် စီးနင်းမှုအတွင်း အမည်မသိ အမျိုးသားတစ်ဦးက စစ်ဆေးမှုကို ရပ်တန့်ရန် ရဲအရာရှိများနှင့် ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ရဲများက ငြင်းပယ်ခဲ့သည်။ ဘားသို့လာရောက်သူအချို့ကလည်း ၎င်းတို့သည် ည (၃) နာရီအထိ ဖွင့်လှစ်သောကြောင့် လာရောက်ကြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အခြားနေရာများမှ လာရောက်ကြသူများသည် ည (၁၀) နာရီနောက်ပိုင်း အချိန်ပိုဝင်ရောက်ရန်အတွက် ဘတ် (၁၀၀) တိုးပေးပြီး လက်ပတ်ဝယ်ယူခဲ့ကြရသည်ဟုလည်း ဆိုသည်။ လက်ပတ်များရောင်းချခဲ့သည့် ဝန်ထမ်းများနှင့် ဘတ်ငွေထောင်ပေါင်းများစွာကိုလည်း သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များက လုပ်ငန်းချိန်စည်းကမ်း ဖောက်ဖျက်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကာကွယ်ရန် ပျက်ကွက်မှုတို့ကြောင့် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ (NCPO) ၏ စည်းမျဉ်းများအရ ဘားနေရာကို ငါးနှစ်ကြာ ပိတ်သိမ်းရန် အဆိုပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

Source: Bangkok Post