ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘာန်းနား (Bang Na) မြို့နယ်၊ Udom Suk လမ်းပေါ်ရှိ ရွှေဆိုင်အတွင်း ဝယ်ယူဟန်ဆောင်ကာ ကျသန့် ၂ ဘတ်လေးသည့် ရွှေဆွဲကြိုးကို ထွက်ပြေးလုယက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို အနီးအနားရှိ မော်တော်ဆိုင်ကယ် ကယ်ရီသမား (Win Motorcycle) များနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၄ ရက် နံနက် ၁၀:၄၀ နာရီခန့်တွင် ဘန်ကောက်မြို့၊ ဘာန်းနားမြောက်ပိုင်းတိုက်နယ်၊ ဥဒုံသုက်လမ်း၊ အိမ်အမှတ် ၁၆၃-၁၆၅ ရှိ “ဖက်ချရီ” ရွှေဆိုင် (Phetcharee Gold Shop) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် ရွှေဆိုင်မန်နေဂျာ မသီတာ သုသင်း (Ms. Thida Suthin) ထံ ရွှေလာရောက်ဝယ်ယူဟန်ဆောင်ကာ ရွှေဆွဲကြိုးထုတ်ပြချိန်တွင် ညာဘက်လက်ဖြင့် ကျသန့် ၂ ဘတ်လေးသော ရွှေဆွဲကြိုးကို ဆုပ်ကိုင်၍ ဆိုင်ပြင်သို့ အလျင်အမြန် ထွက်ပြေးခဲ့သည်။
ဆိုင်ရှင်၏ အကူအညီတောင်း အော်ဟစ်သံကြောင့် ဥဒုံသုက် သွယ်ကြား ၁ (Soi Udom Suk 1) ထိပ်ရှိ မော်တော်ဆိုင်ကယ် ကယ်ရီသမား ၄ ဦးနှင့် ပြည်သူများက လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ကြသည်။
သံသယရှိသူအား ဖမ်းဆီးရမိချိန်တွင် ၎င်း၏ ညာဘက်လက်ထဲ၌ လုယက်လာသည့် ရွှေဆွဲကြိုးအား ကိုင်ဆောင်ထားဆဲဖြစ်ပြီး၊ လက်ထဲတွင် ငရုတ်သီးထုပ်တစ်ထုပ်ကိုလည်း ကိုင်ဆောင်ထားသည်ကို တွေ့ရှိရသည်။ ဘာန်းနား (Bang Na) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သက်သေခံရွှေဆွဲကြိုးကို သိမ်းဆည်းကာ တရားခံကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တရားခံ၏ အချက်အလက်နှင့် ထွက်ဆိုချက် အရစိုင်းလွတ် (SAI LOOT)၊ မြန်မာနိုင်ငံသား ဖြစ်သည်။ဘာန်းနားရဲစခန်းမှ ရဲမှူးကြီး သုရဖုန်း သုခယဲမ် (Pol. Col. Surapong Sukyam) ၏ ဦးဆောင်မှုဖြင့် စစ်ဆေးမေးမြန်းရာ တရားခံ စိုင်းလွတ်က ငွေကြေးအခက်အခဲ အလွန်အမင်း ကြုံတွေ့နေရသဖြင့် ယခုကဲ့သို့ လုယက်ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က တရားခံအား အခင်းဖြစ်ပွားရာ နေရာသို့ ခေါ်ဆောင်ကာ ပြစ်မှုကျူးလွန်ပုံ ပြန်လည်သရုပ်ပြစေခဲ့ပြီး (Crime Scene Reenactment) ဥပဒေအရ ထိရောက်စွာ အရေးယူရန် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။
Source;Line Today
