ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ရရောင်း (Rayong) ခရိုင်၊ ကလဲန် (Klaeng) မြို့နယ်ရှိ ခေါဝ်ချစ် တံတား (Khao Chik Bridge) အနီးတွင် လျှပ်တစ်ပြက် ရေကြီးမှုကြောင့် လမ်းအောက်ခြေ မြေဆီလွှာများ ပျက်စီးကာ လမ်းမကြီး ရုတ်တရက် ကျွံကျသွားခဲ့သဖြင့် ရဲရဲနီနေသော ပစ်ကပ်ကားတစ်စီး ကျင်းနက်ကြီးအတွင်း သို့ ထိန်းမရဘဲ ပြုတ်ကျသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် (အင်္ဂါနေ့) နံနက် ၆:၂၄ နာရီခန့်တွင် ကရဆဲဘွန် (Krasae Bon) တိုက်နယ်ရှိ ခေါဝ်ချစ် တံတားအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆက်တိုက် မိုးရွာသွန်းပြီး ရေစီးသန်သဖြင့် လမ်းမနှင့် တံတားအောက်ခြေရှိ မြေဆီလွှာများကို ရေစီးနှင့်အတူ တိုက်စားသွားခဲ့သည်။ လမ်းမျက်နှာပြင်အောက်တွင် အခေါင်းပေါက်ကြီး ဖြစ်ပေါ်နေသည်ကို အပြင်ပန်းမှ မမြင်နိုင်ဘဲ ပစ်ကပ်ကား မောင်းနှင်ဖြတ်သန်းစဉ် ခန်းနားစွာ ကျွံကျသွားခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံများအရ ပစ်ကပ်ကား၏ ရှေ့ပိုင်းမှာ ရေတိုက်စားသွားသော ကျင်းနက်ကြီးအတွင်းနက်ရှိုင်းစွာ စိုက်ဝင်နေပြီး ကား၏ နောက်ပိုင်းမှာ ထောင်မတ်မတတ် ဖြစ်ပေါ်နေခဲ့သည်။
ထပ်မံ၍ လမ်းကျွံကျနိုင်သည့် အန္တရာယ်ရှိသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါ ဧရိယာအား အရေးပေါ် ပိတ်ဆို့ထားပြီး သွားလာခွင့် တားမြစ်ထားသည်။
ဝတ်ခေါဝ်ဝမ်ဆိုင် (Wat Khao Wang Sai) မှ ခေါဝ်ချစ် (Khao Chik) သို့ သွားသည့် လမ်းကြောင်းအား ယာဉ်အားလုံး ဖြတ်သန်းခွင့် ပိတ်ပင်ထားပြီး အာဏာပိုင်များ စစ်ဆေးပြင်ဆင်မှု မပြီးမချင်း အခြား ရှောင်ကွင်းလမ်းများကို အသုံးပြုကြရန် နှိုးဆော်ထားသည်။
Source;The Nation
